ယိုင်နဲ့နဲ့ ကိုဗစ်ကန့်သတ်ချက်များ

0
160

ကိုဗစ်ကပ်ဘေး ကူးစက်မှုမြင့်တက်ချိန်က ထားဝယ်တွင် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များမှာ လက်ရှိအချိန်တွင် လိုက်နာမှုအားနည်းကာနေသည်။

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ရန် အစရှိသည့် စည်းကမ်းချက်များအား လိုက်နာသူ နည်းပါးလာသည်ကို တွေ့ရသည်။

ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုများလာသဖြင့် ဆိုင်ထိုင်စားသောက်ခြင်းကို ကန့်သတ်ထားသည့်အပြင် ထားဝယ်မြို့နယ်အား ဩဂုတ်လ ၂၁ ရက်မှစတင်ကာ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားခဲ့သည်။

Stay at Home သတ်မှတ်လိုက်သည့်အတွက် တစ်အိမ်တစ်ယောက်သာ အပြင်ထွက်ကတ်ပြားဖြင့် ထွက်ခွင့်ပြုထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ထားဝယ်မြို့အတွင်း စစ်ဆေးမှုများလည်း ရှိခဲ့သည်။

လက်ရှိတွင်မူ ဆိုင်ထိုင်စားသောက်ခွင့်ပြုနေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသူများ၊ အလှူ မင်္ဂလာဆောင်များ ပြုလုပ်နေကြသည်ကို ခပ်စိပ်စိပ် တွေ့လာရသည်။

ပါဆယ်စနစ်

ကိုဗစ်ကပ်ဘေးကြောင့် ထားဝယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်သာရောင်းချရန် သတ်မှတ်ထားသည်။

လက်ရှိတွင်မူ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အချို့တွင် ပေါ်ပေါ်တင်တင်ဆိုင်ထိုင်စားသောက်သူများရှိသကဲ့သို့ ဆိုင်အတွင်းပိုင်း လူမမြင်ရသည့် နေရာများတွင် စားသောက်နေသူများလည်း ရှိနေသည်။

ဆိုင်အချို့ကမူ ယင်းကန့်သတ်ချက်အား လိုက်နာနေကြဆဲဖြစ်သည်။

ထိုအခင်းအကျင်းက စည်းကမ်းချက်လိုက်နာသည့် ဆိုင်များအတွက် အခက်တွေ့စေကြောင်း ထားဝယ်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“အခုက ရဲတဲ့သူ မင်းဖြစ်တဲ့ ပုံစံလိုဖြစ်နေတာ၊ ရောင်းရဲတဲ့ဆိုင်ဆို ရောင်းအားကောင်းနေတာ”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ကိုဗစ်စည်းကမ်းဖောက်ဖျက်နေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

“ကျွန်တော်တို့ခွင့်တောင် မပြုသေးဘူး။ ဒါပေမယ့် သူ့ဆိုင်က လိုက်နာမှုနည်းနည်းလေး အားနည်းတာပေါ့နော်၊ အဲဒါတော့ ကြပ်မတ်ဖို့ ထပ်ရှိပါတယ်။ အရေးယူဖို့ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

နှာခေါင်းစည်း မတပ်သူများ

ကိုဗစ်ကပ်ဘေး တတိယလှိုင်းကူးစက်မှုမြင့်တက်ချိန်က လမ်းပေါ်သွားလာသူအားလုံးနီးပါးက နှာခေါင်းစည်းတပ်ကြသော်လည်း လက်ရှိအချိန်တွင် နှာခေါင်းစည်းမတပ်သူများကို တွေ့လာရသည်။

ဈေးများနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းမတပ်ပဲ ဝိုင်းဖွဲ့စကားပြောခြင်း၊ ဈေးဝယ် ဈေးရောင်းနေသည်ကို တွေ့ရသည်။

ယခင်ကနှာခေါင်းစည်းမတပ်သူများအား ကြပ်မတ်အရေးယူမှုများရှိသော်လည်း လက်ရှိတွင်မူ လိုက်နာသူရော ကြပ်မတ်သူပါ အားနည်းနေသည်။

“ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ အခုလက်ရှိ Mask တွေမတပ်တာတို့ဘာတို့ ဒါတွေလည်းထပ်ပြီးတော့ စစ်ဆေးဖို့ အရေးယူဖို့လည်းရှိပါတယ်” ဦးအာင်စိုးမိုးက ဆိုသည်။

အလှူပွဲနှင့် မင်္ဂလာဆောင်များ

ကိုဗစ်ကန့်သတ်ချက်အဖြစ် အလှူပွဲနှင့် မင်္ဂလာဆောင်ပွဲများ မပြုလုပ်ရန် တားမြစ်ထားသည်။

လက်ရှိတွင်မူ အလှူပွဲနှင့် မင်္ဂလာဆောင်ပွဲများ အဆက်မပြတ်ပြုလုပ်နေပြီး နှာခေါင်းစည်းမတပ်သူ အများအပြားကို တွေ့နေရသည်။

ထားဝယ်ဒေသအတွင်း အလှူပွဲအချို့တွင် ဧည့်သည်အရေအတွက်ကို ဆယ်ဂဏန်းအထိသာ ဖိတ်ကြားကာ အကျဉ်းရုန်း ပြုလုပ်နေသည်။

အချို့အလှူပွဲနှင့် မင်္ဂလာဆောင်များတွင်မူ ဧည့်သည်ရာချီဖိတ်ကြားပြီး ကိုဗစ်ကပ်ဘေးအား မေ့လျော့နေကြသည်။

အဆိုပါ အချက်များအပြင် ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် နေရာအချို့တွင်လည်း ပြည်သူများ စုပြုံတိုးဝေ့နေသည်ကို တွေ့ရပြီး ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ကိုယ်တိုင် ကြပ်မတ်မှုအားနည်းသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ဝေဖန်ထောက်ပြကြသည်။

ကိုဗစ်ကန့်သတ်ချက်များ စတင်ထုတ်ပြန်ချိန်က ထားဝယ်ဒေသ၌ ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေပြီး ရောဂါကူးစက်ပြန့်နှံ့မှု အဆမတန်မြင့်တက်ခဲ့သည်။

ယင်းအချိန်က ကိုဗစ်ကြောင့် သေဆုံးသူများပြားပြီး နာရေးကူညီမှုအသင်းများပင် မီးသဂြိုဟ်ရန် အခက်အခဲရှိလာသည်အထိ မနိုင်မနင်းဖြစ်ခဲ့သည်။

ထားဝယ်သုဿန်တစ်ခုတည်းတွင်ပင် တစ်ရက်လျှင် ပျမ်းမျှ အလောင်း ၂၀ ကျော်အထိ မီးသင်္ဂြိုဟ်ခဲ့ရသည်။

လက်ရှိတွင်မူ ကိုဗစ်ကြောင့်သေဆုံးအလောင်း ၂ လောင်းဝန်းကျင်သာ ရှိတော့ကြောင်း နာရေးကူညီမှု(ထားဝယ်) ထံမှ သိရသည်။

ထိုအနေအထားက ကိုဗစ်ရောဂါကူးစက်မှုနည်းပါးသွားသော်လည်း စိတ်ချရသည့် အခြေအနေမဟုတ်သေးကြောင်း နာရေးကူညီမှု(ထားဝယ်) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“စိုးရိမ်စရာကောင်းတယ်ဆိုတာထက် တကယ်များဖြစ်ခဲ့သည်ရှိသော် တတိယလှိုင်းမှာထက် ပိုဆိုးနိုင်တာပေါ့နော်၊ လက်ရှိအနေအထားအရ တို့ထားဝယ်မှာ (ကိုဗစ်ဖြစ်ပွားမှု)ပါးနေတယ်ဆိုပေမယ့် နယ်မှာတော့ ဖြစ်နေတယ်၊ အခုဆေးရုံတက်လာတဲ့ ကိုဗစ်တော်တော်များများသည် ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းတွေကဖြစ်နေတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ဇူလိုင် ၁၃ မှ ၃၁ ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ ၆၁ ဦး၊ ဩဂုတ်လတွင် ၃၃၉ ဦး၊ စက်တင်ဘာလတွင် ၇၇ ဦး၊ အောက်တို ၂၂ နေ့အထိ ၂၇ ဦးရှိကြောင်း ထားဝယ်နာရေးကူညီမှုအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်စဖြစ်ချိန်မှ လက်ရှိအချိန်အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၅၅၂ လောင်းကို မီးသဂြိုလ်ပေးခဲ့ရကြောင်းသိရသည်။