ဘီးလင်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

0
207

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သည့် ဦးသန်းထွန်းဝင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးသန်းထွန်းဝင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းခန့်က အလူးလေးကျေးရွာ ခြင်္သေနှစ်ကောင်မုခ်ဝအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် အမည်မသိ သေနတ်သမားနှစ်ဦးတို့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွား ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထွန်းဝင်းသည် ပြင်းထန်ဒဏ်များရရှိခဲ့ပြီး ဘီးလင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“အပစ်ခတ်ခံရပြီးတော့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်၊ ညနေလောက်မှာတော့ ဆုံးသွားတယ်လို့ပြောတယ်” ဟု ဘီးလင်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို အမည်မသိ သေနတ်သမားတို့က ပစ်သတ်သွားခဲ့သည်။

ယခု ပစ်သတ်ခံရသည့် ဦးသန်းထွန်းဝင်းသည် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၏ ယောက်ဖဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်အတွင်း အမည်မသိ သေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် လူသေဆုံးရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးရေးပါတီဝင်တို့ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။