ထားဝယ်မြို့ပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
552
ထားဝယ်မြို့တစ်နေရာ

ဒလံဟု လူသိများသူ အမျိုးသမီးတစ်ဦး စက်တင်ဘာ ၂၀ ရက် ယနေ့ ညနေ ၄ နာရီ ဆယ့်ငါးမိနစ်ခန့်က ထားဝယ်မြို့လယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

အဆိုပါအမျိုးသမီးကို အမည်မသိအဖွဲ့က ထားဝယ်မြို့၊ ရွှေတောင်စားစေတီအနီးရှိ မလိငပိလက်ဆောင်ပစ္စည်းအရောင်းဆိုင်အနီးတွင် သေနတ်နှင့် ပစ်သတ်သွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်သူတွေပစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး၊ ရဲကားတွေရောက်လာတော့ ကျွန်တော်တို့လဲ တခြားနေရာကိုထွက်လာလိုက်ရတယ်၊ သူတစ်ယောက်တည်းမဟုတ်ဘူး၊ အဖော်တစ်ယောက်ပါသေးတယ်၊ တယောက်ကတော့ နေရာတင် ပွဲချင်းပြီး သေသွားတယ်၊ တယောက်ကတော့ ဒဏ်ရ ရတယ်ပြောတယ်” ဟု ဖြစ်စဉ် ဖြစ်ပွားရာ နေရာ အနီးနေထိုင်သူ အမျိုးသားတစ်ဦးကဆိုသည်။

သေဆုံးသူမှာ ဒေါ်စန်းဝေဆိုသူ ဖြစ်ပြီး ထားဝယ်မြို့၊ ဘုံမ္မော်ရပ်ကွက် ၄ လမ်းတွင်နေထိုင်သူဖြစ်ပြီး အသက် ငါးဆယ်နီးပါးခန့်ရှိပြီဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ သေဆုံးသူ၏ အလောင်းနေအိမ်တွင် ရောက်ရှိနေပြီဖြစ်သည်။

ထားဝယ်တွင် နည်းပညာတက္ကသိုလ်မှ ကျောင်းဆရာမတစ်ဦးအပါအဝင် ယနေ့တစ်ရက်တည်း လူငါးဦးခန့် အဖမ်းခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။