မြိတ်တွင် လက်လုပ်မုန့်ရောင်းသူများအား ဆန်အိတ်ငယ် တစ်ထောင်လှူ

0
288

မြိတ်တွင် လက်လုပ်မုန့်ရောင်းချနေသူ များအား ငါးပြည်ဝင် ဆန်အိတ်ငယ် တစ်ထောင်ပေးလှူခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က လက်လုပ်မုန့်ရောင်းချသူ လူဉီးရေတစ်ထောင်အား ဆန်နွဲ့၊ ဆန်ကြမ်းနှင့် ကောက်ညှင်းအပါအဝင် လူတစ်ဦးလျှင် ငါးပြည်ဝင် တစ်အိတ်နှုန်း ပေးလှူခဲ့ကြောင်း မြတ်သင့်ထူး ဆန်ရောင်းဝယ်ရေးမှ အလှူရှင် ကိုသန်းဇော်မျိုး ကပြောသည်။

ကပ်ဘေးကာလအတွင်း လက်လုပ်မုန့်ရောင်းချသည့် လူတန်းစားအချို့သည် အရင်းအနှီးမဲ့နေသည့် အခြေအနေနှင့် ကြုံနေရသဖြင့် “မတည်”လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နေ့ပြန်တိုးချေးပြီးတော့ မုန့်လုပ်ရောင်းနေကြရတယ်။ အဲဒီသူတွေရဲ့ဘဝတွေ အဆင်ပြေပါစေဆိုပြီး လှူခဲ့တာပါ”ဟု ၎င်းကပြောသည်။

ဆန်လာရောက်အလှူခံသူများအနေဖြင့် ရပ်ကွက်အတွင်း လက်လုပ်မုန့်ရောင်းချနေကြောင်း ရာအိမ်မှူး ထောက်ခံစာ ဖြင့်လာရောက်ယူခဲ့ကြသည်ဟု အလှူရှင်ကပြောပြသည်။

မြိတ်မြို့ကမ်းနားလမ်းတွင် နံနက် ၈ နာရီမှစတင်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။