ထားဝယ်မြို့ပေါ်တွင် လူငယ်နှစ်ဦးကို သေနတ်ပစ် ဖမ်းဆီး

0
209

ထားဝယ်မြို့သစ် ၄ လမ်းတွင် ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးကို စစ်တပ်အဖွဲ့ဝင်တို့က သေနတ်နှင့်ပစ်ခတ်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ထားဝယ်မြို့သစ် ၄ လမ်း၊ Hi တည်းခိုခန်းအနီးတွင် ဆိုင်ကယ်စီးလာသူလူငယ်နှစ်ဦးကို သေနတ်ဖြင့်ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့သူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“သေနတ်နဲ့ပစ်ပြီးဖမ်းတာ တစ်ယောက်က ပေါင်ထိသွားတယ်၊ တစ်ယောက်က ဆိုင်ကယ်ထဲ ခြေဝင်သွားတယ်၊ ကျွန်တော်ထွက်ကြည့်လိုက်တာနဲ့ ပစ်ပြီးပြီ၊ ပစ်ပြီးတာနဲ့ ကျည်ခွံကိုပြန်ကောက်သွားတယ်၊ လူက တိုက်အိမ်ဆောက်နေတဲ့ အိမ်ရှေ့က သဲပုံထဲမှာလဲနေတယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။

ထားဝယ်မြို့သစ် ၄ လမ်းတွင် စစ်သားများကိုတွေ့သဖြင့် ဆိုင်ကယ်မောင်းပြီး ပြန်လှည့်ပြေးစဉ် ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

ပစ်ခတ်မှုဖြစ်ချိန်တွင် လမ်းချင်းကပ်လျက်ဖြစ်သည့် ထားဝယ်မြို့သစ် ၃ လမ်း၊ မြို့သစ် လမ်းတွင် တပ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို ကတ်ပြားစစ်ခြင်း၊ ဖုန်းစစ်ခြင်း၊ နေအိမ်များတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ဧည့်စာရင်းစစ်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံအချို့က ပြောသည်။

ယင်းသို့ စစ်ဆေးမှုကြောင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် လူအချို့ အဖမ်းခံထားရပြီး စက်တင်ဘာ ၉ ရက်နေ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်တွင် တစ်အိမ်တက် တစ်အိမ်ဆင်း ဧည့်စာရင်းစစ်ဆေးရာတွင်လည်း လူအချို့အဖမ်းခံထားရကြောင်း ဒေသခံတို့က ဆိုသည်။

မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မဆို သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေ၊ နည်းဥပဒေများရှိပြီး အရပ်သားပြည်သူတို့ကို ကိုင်တွယ်သည့်နေရာတွင်လည်း ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီသာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် လူ့အခွင့်အရေးနှင့် နိုင်ငံရေး အကျဉ်းသားတို့အတွက် လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေတစ်ဦးက ဝေဖန်သည်။

အရပ်သားပြည်သူ နိုင်ငံသားတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့က ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုအတွက် မည်သူ့တွင်တာဝန်ရှိသနည်း၊ မည်သည့် ဥပဒေဖြင့် လုပ်ဆောင်ပြီး ယင်းအတွက် မည်သူက တာဝန်ယူမှု တာဝန်ခံမှုဖြင့် စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်နေသနည်းဟု မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ၎င်းက ပြောသည်။