ထားဝယ်၊ သရက်ချောင်းတွင် တိုက်ပွဲ ဆက်ဖြစ်

0
264

ထားဝယ်ဒေသ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်တပ်တို့ကြား ညနေပိုင်းတွင်  တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။


တောင်ပျောက်တိုက်နယ်အတွင်းရှိ ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲ၊ သဲချောင်းကြီး၊ အလယ်စု၊ ရေပူစသည့်ကျေးရွာများတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။


ယနေ့ ညနေ ၃ နာရီခန့်တွင်လည်း တောင်ပျောက်နှင့် ကျွဲခြံရွာအကြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇ နာရီခန့်တွင် ဝင်းကဖော်ရွာနှင့် ကျောက်အိုင်ရွာကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။


“ညနေ ၃ နာရီမှာတစ်ကြိမ်ဖြစ်တယ်၊ တောင်ပျောက်နဲ့ ကျွဲခြံနဲ့ကြားမှာ၊ ခုနက ည ၇ နာရီကျော်လောက်က ဝင်းကဖော်နဲ့ ကျောက်အိုင်နဲ့ကြားမှာ တိုက်ပွဲတစ်ခုဖြစ်တယ်၊ PDF ဒီဘက်က ပစ်ပြီးနဲ့ ပြန်ဆုတ်တယ်၊ သူ့တို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လက်နက်ကြီးသံတွေ တော်တော်များတယ်” ဟုအထက်ပါအမျိုးသားက ဆိုသည်။


ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်က ဝင်းကဖော်ရွာ၊ ကျောက်အိုင်ရွာအတွင်းနှင့် ယာတောများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ကို ကြားနေရကြောင်း ဒေသခံတို့က ပြောသည်။


“အခုတော့ မကြားတော့ဘူး၊ လက်နက်ကြီးသံက ကျနော်တို့နဲ့ နည်းနည်းဝေးတော့ တစ်ချက် နှစ်ချက်လောက်ပဲ ကြားရတယ်” ဟု မယ်ကဲရွာမှ ဒေသခံရွာသားတစ်ဦးက ယနေ့ ညဦးပိုင်းတွင် ပြောကြားသည်။


ညနေ ၃ နာရီခန့်က တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ရှိမည်ဖြစ်ပြီး ည ၇ နာရီခန့်တွင်ဖြစ်ပွားသည့် တိုက်ပွဲမှာ တစ်နာရီနီးပါးကြာသည်ဟု သိရသည်။
လတ်တလော တိုက်ပွဲရပ်နားသွားပြီဖြစ်ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများသတင်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။


စက်တင်ဘာလ ၇ ရက် ယနေ့ နံနက်ပိုင်း ၉ နာရီခန့်ကလည်း တောင်ပျောက်တိုက်နယ် အနောက်ဘက်ကမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲငယ်ဖြစ်ပွားခဲ့သေးသည်။


တောင်ပျောက်တိုက်နယ်တွင် စက်တင်ဘာလ ၇ ရက်၌ စစ်တပ်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်။