သရက်ချောင်းမြို့နယ်တွင် လူငယ် အချို့ အဖမ်းခံရ

0
237
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ဒေသ၊ သရက်ချောင်းမြို့၊ မိုးရွှေကုန်းရွာရှိ စာသင်ကျောင်းတွင် ကိုဗစ်လူနာများကို ကြည့်ရှုပေးနေသော လူငယ်အချို့ ဖမ်းဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ်တို့၏ လမ်းပြခေါ်ဆောင်မှုဖြင့် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက စာသင်ကျောင်းတွင် လူငယ်သုံးဦးကိုလည်းကောင်း၊ ထိုနောက် လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သွားသော လူငယ်တစ်ဦးကိုလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်သား တစ်ဦးထံမှ သိရသည်။

အဆိုပါလူငယ်သုံးဦးမှာ ကိုဗစ် Test Kit စစ်ပေးခြင်း၊ ကိုဗစ်လူနာများကို ကြည့်ရှုပေးခြင်း၊ အရေးပေါ်လူနာများကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေးနေသူများဖြစ်ကြောင်း ဒေသခံရွာသားက ပြောသည်။

ယင်းအပြင် သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာနှင့် မိုးရွှေကုန်းရွာရှိ နေအိမ်အချို့ကို အင်အားနှစ်ဆယ်ကျော်ခန့်ရှိ စစ်တပ်က ကျေးရွာအတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးသည်ဟု ဒေသခံရွာသားက ဆိုသည်။

အလားတူ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင်လည်း ပရဟိတလုပ်ငန်း လုပ်ကိုင်နေသည့် ကိုဗစ်စင်တာကို ဝင်ရောက်စီးနင်းခဲ့သဖြင့် ပရဟိတလုပ်ကိုင်နေသည့်လူငယ်များ ထွက်ပြေးနေရသည်ဟု ယင်းအဖွဲ့ဝင် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“အခုက ကျွန်တော်တို့ ပရဟိတအဖွဲ့တစ်ဖွဲ့လုံးပြေးရတယ်ခင်ဗျား၊ ကိုဗစ်အတွက် အသုံးပြုတဲ့ ဆေးဝါးနဲ့ PPE တွေအားလုံးသိမ်းသွားတယ်ဆိုပြောတယ်”ဟု ၎င်းကဆိုသည်။

ကနက်သီရိကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်ညက ပျူစောထီးဆိုသည့် အဖွဲ့ကို အမည်မသိလူတစ်စုက လာရောက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

ယင်းနေ့က ကနက်သီရိကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့တို့ တစ်အိမ်တက် တစ်အိမ်ဆင်း ဧည့်စာရင်းလိုက်လံစစ်ဆေးပြီး လူတစ်ဆယ်ခန့် ဖမ်းဆီးခံထားရသည်ဟု ၎င်းက ပြောသည်။