နတလ ဒုညွှန် အသတ်ခံရပြီးနောက် ထားဝယ်တွင် လူသုံးဆယ်နီးပါးအဖမ်းခံရ ဟုဆို

0
362
ဓာတ်ပုံ - ထားဝယ်မြို့အဝင် တစ်နေရာ

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းတစ်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်မြို့တွင် လူသုံးဆယ်နီးပါး အဖမ်းခံထားရကြောင်း မြို့ခံတို့ထဲမှ သိရသည်။

ဒုညွှန်မှူး ဦးသောင်းတန်နှင့် ဝန်ထမ်းတစ်ဦး၏ အလောင်းနှစ်လောင်းကို ကြက်စားပြင်ရပ်ကွက်ရှိ ဆိပ်ကမ်းဘူတာရုံအနီးတွင် ဩဂုတ်လ ၂၈ ရက်ကတွေ့ရှိခဲ့ရပြီးနောက် ယင်းနေ့ ညပိုင်းတွင်  
ရပ်ကွက်အတွင်း အင်အားအလုံးအရင်းဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ယင်းရပ်ကွက်နေထိုင်သူအချို့က ပြောသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်းရှာဖွေစဉ် အိမ်ထောင်စု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကို တောင်းယူစစ်ဆေး မေးမြန်းပြီး သင်္ကာမကင်းသူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောကြားသည်။

“စစ်သားအင်္ကျီရော၊ အရပ်ဝတ်တွေရောပါတယ်၊ သူတို့တွေက လူလာရှာတယ်ဆို ပြောပြီးစစ်တယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။

ဝန်ထမ်းနှစ်ဦး အသတ်ခံရသည့်ညက ၁၀ ဦးကျော်ခန့်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း ၁၀ ဦးခန့်ထပ်မံဖမ်းဆီးခံရပြီး၊ ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အသက်မပြည့်သေးသူ လူငယ်များအပါအဝင် ၆ ဦးခန့်ကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောသည်။

လက်ရှိဖမ်းဆီးခံရသူ နှစ်ဆယ့်ခြောက်ဦးသည် ကြက်စားပြင်ဘုန်းကြီးကျောင်းအနီး နေထိုင်သူများဖြစ်ပြီး လက်လုပ်လက်စား ဆင်းရဲသားများဖြစ်သည်ဟုဆိုသည်။

“သူတို့ဘာသာ သူတို့ကို မနည်းရုန်းကန်နေရသူတွေ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးပြီးနောက် အချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြက်စားပြင် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကဆိုသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အတွင်း စီးနင်းဝင်ရောက်ရှာဖွေ နေသဖြင့် ရပ်ကွက်နေလူထုမှာ ထိတ်လန့်နေရကြောင်း ရပ်ကွက်သူရပ်ကွက်သားတို့ထံမှ သိရသည်။

ကြက်စားပြင်ရပ်ကွက်တွင် ဆန္ဒပြသပိတ်စစ်ကြောင်း မကြာခဏ ထွက်လေ့ရှိသဖြင့် ရပ်ကွက်အဝင်လမ်း နှစ်လမ်းကိုသာ ဖွင့်ထားပေးသည်။ 

ဓာတ်ပုံ- ထားဝယ်မြို့အဝင် တစ်နေရာ