ကျေးဇူးတော်ကျေးရွာမှ စစ်သားများ ပြန်ထွက်၊ ရွာသားများ အိမ်မပြန်ရဲသေး ဟုဆို

0
233
ကျေးဇူးတော်ရွာ

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာမှ စစ်သားများ ဩဂုတ်လ ၂၈ ရက် ည ၇ နာရီခန့်က ပြန်ထွက်သွားပြီဖြစ်ကြောင်း ယင်းကျေးရွာတွင်နေထိုင်သူတစ်ဦးက အတည်ပြု‌ပြောဆိုသည်။

ယင်းကဲ့သို့ စစ်သားထွက်သွားသော်လည်း  ရွာသားများ အိမ်ပြန်မရဲကြသဖြင့် တိမ်းရှောင်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့(စစ်တပ်) ထွက်သွားပြီဆိုပေမယ့် ရွာသားတွေကတော့ အိမ်မပြန်ကြသေးဘူး။ စစ်ရေးပရိယာယ်လည်း ဖြစ်နေတတ်တယ်လေ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဩဂုတ်လ ၂၆ ရက်က ကျေးဇူးတော်ကျေးရွာအဝင်ဝနှင့် အနီးအနားကျေးရွာ ကားလမ်းမတစ်လျှောက်တွင် စစ်တပ်က နေရာယူပြီးနောက်ပိုင်း  ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ဩဂုတ်လ ၂၇ ရက်တွင် CDM သမားများကို ရှာဖွေရန်ဟုဆိုကာ စစ်တပ်က ကျေးဇူးတော်ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ကျေးရွာစာသင်ကျောင်းတွင် နေရာယူလိုက်သည်ဟုဆိုသည်။

KNU တပ်မဟာ(၄) တာဝန်ရှိသူများနှင့် နှစ်ဘက်ညှိနှိုင်းပြီးမှ ယင်းသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
ထိုသို့ဝင်လာရာတွင်သည့် လက်နက်ကြီးနှစ်လက်လည်း ပါလာပြီး လက်နက်ကြီးတစ်လက်ကို ကျေးရွာအတွင်း တပ်ဆင်ချိန်ရွယ်ထားခဲ့သည်ဟု‌ ၎င်းတို့က ဆိုသည်။

ယင်းကဲ့သို့လက်နက်ကြီးပါလာခြင်း၊ ကျေးဇူးတော်ရွာ ကောင်းကင်ယံတွင် စစ်ဘက်သုံးဒရုန်းများ ပျံသန်းနေသည့်အပြင် တိမ်းရှောင်နေသည့် ရွာသားများပြန်လာရန်နှင့် ပြန်မလာဘဲ တောထဲတွင် တွေ့ရှိက ပစ်ခတ်မည်ဟု ပြောဆိုခဲ့ခြင်းကြောင်း စစ်ကြောင်းထိုးတော့မည်ဟု ဒေသခံများက ယူဆခဲ့ကြသည်။

သို့သော် ဩဂုတ်လ ၂၈ ရက် ည ၇ နာရီကျော်အချိန်တွင် စစ်သားများက ကျေးဇူးတော်ရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။

ကျေးဇူးတော်ကျေးရွာသည် ထားဝယ်မြို့မှ ၃၃ မိုင်အကွာတွင်ရှိပြီး ယခင်က စစ်ဘေးဒဏ်သင့်ခဲ့သည့် ဒေသတစ်ခုဖြစ်ကာ နောက်ပိုင်းမှ ပြန်လည်တည်ထောင်ထားသည့် ကျေးရွာတစ်ရွာဖြစ်သည်။