ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ရုံး မီးလောင်ပြီးနောက် အနီးအနားတွင် စစ်သားများ တပ်လာစွဲ

0
196
ဓာတ်ပုံ- သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ နေ့လည် ၁ နာရီက တွေ့ရစဉ်

ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဩဂုတ်လ ၂၈ ရက် ည ၉ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းသို့မီးလောင်ကျွမ်းပြီးနောက် ဩဂုတ်လ ၂၉ ရက်တွင် ယင်းရပ်ကွက်ရုံးအနီးရှိ အလယ်တန်းကျောင်း(ခွဲ) တွင် စစ်သားများ လာရောက်တပ်စွဲထားကြောင်း မျက်မြင်တွေ့ခဲ့သည့် ကော့သောင်းမြို့ခံတစ်ဦးက ယနေ့မွန်းလွဲ ၁ နာရီတွင်ပြောသည်။

“အရင်က ဒီကျောင်းမှာ တပ်စွဲထားတာ တစ်ခါမှမမြင်ဖူးဘူး။ ဒီနေ့တော့ ကျောင်းထဲမှာ စစ်သားတွေအများကြီးပဲ” ဟု အထက်ပါ မျက်မြင်တွေ့သူက ပြောသည်။

 သီရိမြိုင်ရပ်ကွက်ရုံး မီးလောင်သည့်အကြောင်းအရင်းကို သေချာမသိရသေးသော်လည်း မြို့ခံအချို့ကမူ ရှို့မီးဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

ယင်းမီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့က ညတွင်းချင်း လာရောက်ငြိမ်းသတ်ခဲ့ပြီး ရုံးအတွင်းပိုင်းအနည်းငယ်သာ မီးလောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မီးလောင်ခဲ့သည့် နေရာကိုလည်း ပြန်လည်ပြင်ဆင်နေသည်ကို တွေ့ရကြောင်း အဆိုပါ မြို့ခံက ပြောသည်။

မီးလောင်ခဲ့သည့် သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သဲအိတ်များကာထားပြီး ယခင်ကစစ်သားများ တပ်စွဲခဲ့ဖူးသည့်နေရာဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ နေ့လည် ၁ နာရီက တွေ့ရစဉ်