လောင်းလုံးတွင် အထက်တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ဖမ်းဆီးခံရ

0
249
စစ်ပြဲကျေးရွာ

လောင်းလုံးမြိုနယ် စစ်ပြဲကျေးရွာတွင် ဩဂုတ်လ ၂၉ ရက် မနက်ပိုင်းက  အမျိုးသမီးလေးဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံအချို့ထံမှသိရသည်။ 

အဆိုပါဖမ်းဆီးခံရသူများမှာ စစ်ပြဲကျေးရွာသူများဖြစ်သည့် ဒေါ်အေးချို၊ မသီတာဝင်း၊ မမီးသက်ဆောင်း၊ မအိမ့်စပါယ်ချိုတို့ ဖြစ်သည်။ 

‌အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်လေးဦးခန့် ဆိုင်ကယ်ဖြစ်ရောက်ရှိလာပြီး နာရေးကူညီမှုအသင်းမှ ပြန်လာသည့် ၎င်းအမျိုးသမီးလေးဦးအား ကျေးရွာအနောက်ပိုင်းဈေးအနီးတွင် စစ်ဆေးဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မနက်ပိုင်းက ကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် ဆန္ဒပြ သပိတ်စစ်ကြောင်းထွက်ကာ လူစုခွဲပြီးနောက် ယင်းသို့အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“သပိတ်စစ်ကြောင်းက ရှစ်နာရီလောက်ကဖြတ်သွားတာ။ သူတို့က နာရေးကူညီမှုအသင်းက ပြန်လာတာ”ဟု ထိုအမျိုးသားကဆိုသည်။ 

မအိမ့်စပါယ်ချိုမှာ အသက် ၁၄ နှစ် ဝန်းကျင်အရွယ် အထက်တန်းကျောင်းသူတစ်ဦး ဖြစ်သည်ဟုဆိုသည်။

စစ်ပြဲကျေးရွာသည် လောင်းလုံး-ရှင်မော် ကားလမ်းမရှိ ညင်းမော်ရွာမှတစ်ဆင့် သွားရပြီး လောင်းလုံးမြို့မှ ငါးမိုင်ဝန်းကျင်ခန့် အကွာတွင်ရှိသည်။