ထားဝယ်တွင် ကိုဗစ်လူနာ သေဆုံးမှု ပြန်ကျ

0
209
ထားဝယ်တွင် ကိုဗစ်လူနာ သေဆုံးမှု ပြန်ကျ

ယခုလအစောပိုင်းက ကိုဗစ်လူနာသေဆုံးမှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး သြဂုတ်လ တတိယအပတ်အတွင်း ထားဝယ်တွင် ကိုဗစ်လူနာ သေဆုံးမှု အတန်ငယ်ပြန်ကျလာကြောင်း လူမှုကူညီရေး အသင်းအဖွဲ့တို့ထံမှ သိရသည်။

ဇူလိုင်လတွင် ကိုဗစ်လူနာ သေဆုံးမှု တစ်ရက်လျှင် တစ်ဆယ်ခန့်သာရှိသော်လည်း ဩဂုတ်လ ပထမအပတ်မှ ဒုတိယပတ်အထိ ကိုဗစ်လူနာ သေဆုံးမှု တစ်ဆယ်ကျော်မှ ၂၅ အထိ ခုန်တက်သွားခဲ့ကြောင်း ထားဝယ်နာရေးကူညီမှုအသင်းနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထို့ထံမှ သိရသည်။

“အခု တတိယအပတ်မှာ နည်းနည်း လျော့ကျလာတာမျိုးရှိတယ်။ လျော့ကျလာတယ်ဆိုတာက နှစ်ဆယ်ကျော်မဖြစ်တော့ဘူး၊ တစ်ဆယ်ကျော်ပတ်ဝန်းကျင်နဲ့သွားနေသေးတယ်” ဟု ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ဩဂုတ်လ ၁၉ ရက်မှ စပြီး ကိုဗစ်လူနာ သေဆုံးသူဦးရေ တစ်ဆယ်ကျော်ခန့် ရှိသည်ဟု ၎င်းက ပြောသည်။

ကိုဗစ်ရောဂါဖြင့် သေဆုံးသူကို ချက်ချင်းမီးသင်္ဂြိုဟ်ခြင်း၊ နေအိမ်တွင် အလောင်းထားကာ ဧည့်ခံခြင်းတို့ လျော့ကျလာခြင်း၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိတော့ခြင်း၊ ကိုဗစ်နှင့်ပတ်သက်ပြီး လူတွေ အသိပညာများရလာခြင်း စသည့်အကြောင်းများကြောင့် သေဆုံးမှုနှုန်း လျော့ကျလာခြင်းဖြစ်နိုင်သည်ဟု ဦးအောင်နိုင်ဦးက သုံးသပ်ပြောဆိုသည်။

ကိုဗစ် တတိယလှိုင်းတွင် ဆေးရုံတွင် သေဆုံးသည့် စာရင်းထက် ရပ်ကွက်ကျေးရွာအတွင်း သေဆုံးသည့် ကိုဗစ်လူနာ ဦးရေက ပိုများပြီး နာရေးကူညီမှုအသင်းနှင့် ရပ်ကွက်နာရေးကူညီမှုအသင်းများ ပူးပေါင်းကာ သင်္ဂြိုဟ်ခဲ့ရကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ထားဝယ်မြို့နယ်ကို ဩဂုတ်လ ၂၁ ရက်မှစတင်ကာ Stay at Home သတ်မှတ်ပြီးနောက်ပိုင်းတွင် သေဆုံးမှုလည်း ကျဆင်းလာပြီး ဇမ္ဗသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့တွင် ကိုဗစ်-၁၉ စစ်ဆေးပေးနေသည့် စင်တာတွင် ပိုးတွေ့ရှိသူနည်းလာသည်ဟု ယင်းအဖွဲ့ခေါင်းဆောင် ကိုနိုင်မျိုးသွင်က ပြောသည်။

အနံ့မရခြင်း၊ ဖျားခြင်း၊ အသက်ရှုကြပ်ခြင်း တို့အတွက် ဇမ္ဗူသီရိဆေးခန်းတွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ လာရောက်ပြသနိုင်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် နေရာလစ်လပ်မှုမရှိသဖြင့် ဆေးရုံမတက်ရသည့် လူနာနှင့် အရေးပေါ်အောက်ဆီဂျင်ရှူရန် လိုအပ်သည့်လူနာများကို ဇမ္ဗူသီရိ ဆေးခန်းတွင် ထားရှိကာ လိုအပ်သည့် ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း
၎င်းက ပြောသည်။

ထားဝယ်နာရေးကူညီမှု အသင်း၏ စာရင်းအရ ဇူလိုင်လ ၁၃ ရက်မှ ၃၁ ရက်နေ့အထိ ထားဝယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၆၁ ဦး ရှိသော်လည်း ဩဂုတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကိုဗစ်ဖြင့်သေဆုံးသူ ၂၈၇ ဦးရှိသည်။