ကတ်ပြား ရှာပုံတော်

0
269

ထားဝယ်မြို့နယ်တစ်ခုလုံးကို Stay at Home သတ်မှတ်ရန် တစ်ရက်အလို၌ အပြင်ထွက်ခွင့်ကတ်ပြားရရှိရေး မြို့ခံပြည်သူများ ဗျာများနေကြသည်။

ကိုဗစ်ကပ်ဘေးကြောင့်ဟုဆိုကာ သြဂုတ်လ ၂၁ ရက်နေ့မှစပြီး Stay at Home သတ်မှတ်မည်ဟု ထုတ်ပြန်ပြီးနောက် အပြင်ထွက်ခွင့်ကတ်ပြား ရရှိရေးအတွက် ပြာယာခတ်လာကြခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်မည့်ကိစ္စကိုလည်း သြဂုတ်လ ၁၉ ရက်တွင်မှ လိုက်လံကြေညာခဲ့ခြင်းဖြစ်သည်။

Stay at Home သတ်မှတ်ခံရသည့် မြို့နယ်များတွင် လိုက်နာရမည့် စည်းကမ်းချက်များလည်း သတ်မှတ်လေ့ရှိသည်။

နေအိမ်ပြင်ပသို့ ထွက်ပါက အပြင်ထွက်ခွင့်လက်မှတ် ကတ်ပြားပါမှသာ သွားလာခွင့်ရမည်ဖြစ်ပြီး မပါရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အပြင်ထွက်ခွင့်ကတ်ပြားကိုလည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းကဲ့သို့ အခြေအနေမျိုးတွင် အပြင်ထွက်ခွင့်ကတ်ပြားရရှိရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် စုပြုံတိုးဝှေ့ နေကြသည်။

Stay at Home သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကို လျော့ချရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း လက်ရှိတွင် အပြင်ထွက်ခွင့် ကတ်ပြားရရှိရေးက လူစုလူဝေးပိုဖြစ်သွားစေခဲ့သည်။

အုပ်ချုပ်ရေးမှူးရုံးကို သော့ခတ်ပိတ်ထားပြီး အုပ်ချုပ်ရေးမှူးနေအိမ်တွင် တိုးတိုးတိတ်တိတ် ထုတ်ပေးနေသည့် ရပ်ကွက်အချို့လည်းရှိနေသည်။

ရပ်ကွက်တစ်ခုတွင် အုပ်ချုပ်ရေးမှူးရုံးကို သော့ခတ်ထားသည့်အတွက် အပြင်ထွက်ခွင့်ကတ်ပြားရရှိရေးအတွက် အုပ်ချုပ်ရေးမှူးနေအိမ်အရှေ့တွင် ဟိုတစ်စု သည်တစ်စု စောင့်ဆိုင်းနေကြသည်။

အချို့ရပ်ကွက်များတွင်မူ အုပ်ချုပ်ရေးမှူးမည်သူ မည်ဝါမှန်းမသိကြသဖြင့် လူမှုကွန်ရက်ပေါ်တွင် အချင်းချင်းမေးမြန်း စုံစမ်းကြသည့် post များလည်း ပလူပျံနေသည်။

စားသောက်ကုန်အရောင်းဆိုင်တွင် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သည့် ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး မည်သူမှန်းမသိသဖြင့် အခက်တွေ့နေရကြောင်း ငြီးတွားသည်။

“မနက်ဖြန်ဆိုရင် အလုပ်သွားရမှာ စဉ်းစားရခက်နေပြီ၊ ကတ်ပြားကလည်း ဘယ်သူ့ဆီမှာ ယူရမှန်းလည်း မသိဘူး”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ရပ်ကွက်အချို့တွင်မူ အပြင်ထွက်ခွင့်ကတ်ပြားကို ရပ်ကွက်စာရေးက အိမ်တိုင်ရာရောက် လိုက်ပေးနေသည်ကိုလည်း တွေ့ရသည်။

Stay at Home ကာလ အပြင်ထွက်ခွင့်ကတ်ပြားရရှိရေးမှာ ရပ်ကွက်တစ်ခုနှင့်တစ်ခု မတူဘဲ အမျိုးမျိုးကွဲပြားနေသည်။

ယင်းကတ်ပြားကို အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကာ ထုတ်ပေးနေသည်ဟု ဆိုသည်။

ထို့ကြောင့် အိမ်ထောင်စုကအခြားမြို့နယ်တွင် ရှိနေပြီး မြို့ပေါ် အိမ်ငှားနေသူများမှာလည်း ကတ်ပြားရရှိရေး အခက်တွေ့နေကြပြန်သည်။

ထို့အပြင် ထားဝယ်မြို့နယ်နှင့် ဆက်စပ်နေသည့် သရက်ချောင်း၊ ရေဖြူနှင့် လောင်းလုံးမြို့နယ်နေ ပြည်သူများမှာ ကျန်းမာရေး၊ ဈေးဝယ်ရေး စသည့် ကိစ္စအမျိုးမျိုးဖြင့် ထားဝယ်မြို့နယ်သို့လာပါက မည်သို့လုပ်ဆောင်ရမည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိကြပေ။