လောင်းလုံး ကျောက်နီမော်ရွာတွင် တောင်ကမ်းပါးပြို၍ သက်ကြီးရွယ်အို သုံးဦးဒဏ်ရာရပြီး နေအိမ်၆ ဆောင် မြေဖုံးလွှမ်း

0
383

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းနီတွင်းရွာတွင် ဇူလိုင်လ ၂၅ ရက် နေ့လယ် ၂ နာရီခန့်က မြေပြိုခဲ့ရာ လူသုံးဦးဒဏ်ရာရပြီး နေအိမ် ၆ ဆောင် မြေဖုံးခံရကြောင်း ယင်းကျေးရွာသားအချို့နှင့် ကာယကံရှင်များထံမှ သိရသည်။

တောင်ကမ်းပါး မြေပြိုမှုကြောင့် အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်မြင့်၊ အသက် ၆၀ ကျော်အရွယ် ဒေါ်မိကြူ၊ အသက် ၆၅ နှစ်အရွယ် ဦးဖစုတို့ ဒဏ်ရာအသီးသီးရရှိပြီး ဒေါ်မိကြူနှင့် ဦးဖစုအား ထားဝယ်ဆေးရုံးသို့ ပို့ဆောင် ကုသနေကြောင်း ဒေသခံ အချို့က ပြောသည်။ဒေါ်မိကြူ၏ ခန္ဓာကိုယ်အား မြေဖုံးလွှမ်းသွားသဖြင့် ဖော်ထုတ်ပြီး ဆေးရုံပို့ဆောင်ပေးကာ ဦးဖစုတွင်မူ ခြေထောက်ကျိုးသွားကြောင်း မျက်မြင်ဒေသခံတို့က ဆိုသည်။

ဒေါ်ခင်မြင့် ခန္ဓာကိုယ်တွင် ကျောက်တုံးထိမှန်သည့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင်ပင် နေကျန်ခဲ့သည်ဟုဆိုသည်။ မြေပြိုမှုကြောင့် ကိုလှမိုး၊ ဦးသိန်းလှ၊ ဒေါ်မိကြူ၊ ဦးငွေကြည်၊ ဦးအောင်မျိုး၊ ကိုလမင်းတို့ ၏ လူနေအိမ် ၆ လုံးမှာမူ မြေဖုံးလွှမ်းသွားကြောင်း အိမ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလမင်းက ပြောသည်။

“ကျွန်တော်ကို တော်သေးလို့ မြေဖုံးမလို့။ ကျွန်တော်အိမ်နဲ့ တစ်အိမ်ကျော်မှာ ဆိုင်ကယ်အိမ်ထဲထိုးထည့်ပြီးပြေးတာနဲ့ မြေကပြိုပြီးလိုက်လာတာ။ နည်းနည်းပြေးပြီးတာနဲ့ ပြန်ကြည့်လိုက်တာ ဘာမှမရှိတော့ဘူး။ အိမ်တွေတစ်ခါတည်း မြေဖုံးသွားတာ” ဟု ကိုလမင်းက ဆိုသည်။

ယင်းမြေပြိုကျသည့်တောင်ကုန်းတွင် ယခုနှစ် နွေရာသီက မြေအကွက်ရိုက်ရောင်းချရန် မြေပြုပြင်ခဲ့ဖူးသဖြင့် ယင်းကိစ္စအပေါ် မကျေနပ်သည့် ဒေသခံအချို့လည်းရှိသည်ဟုဆိုသည်။

အကွက်ရိုက်မြေရောင်းချရန် မြေပြုပြင်မှု စနစ်မကျခြင်းကြောင့် မြေပြိုရသည်ဟု ဒေသခံအချို့က ယူဆနေကြသည်။ နောက်တစ်ကြိမ် မိုးသည်းထန်စွာရွာသွန်းပါကယင်းနေရာတွင် နောက်တစ်ကြိမ်မြေပြိုနိုင်သေးကြောင်း ဒေသခံအချို့က ဆိုသည်။

ကျောက်နီမော်ရွာတွင် တောင်ကမ်းပါးပြို