အိန္ဒိယမှာ ကိုဗစ်နောက်ဆက်တွဲ မှိုနက်ရောဂါခံစားရသူ လေးသောင်းခွဲကျော်

0
135

ပြီးခဲ့တဲ့ နှစ်လကျော်အတွင်း ကိုဗစ်နိုင်တင်းကူးစက်ခံခဲ့ရပြီးသူတွေမှာ မှိုနက်ရောဂါကို နောက်ဆက်တွဲအနေနဲ့ ထပ်မံခံစားကြရတဲ့သူတွေ ရှိလာတယ်လို့ သိရပါတယ်။

ယခုအချိန်ထိ ရောဂါဖြစ်ပွားသူပေါင်း ၄၅၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း မှတ်တမ်းများကဖော်ပြနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

သိပ္ပံအမည် mucormycosis လို့ခေါ်တဲ့ မှိုနက်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၄၂၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက က ပါလီမန်ကို ဇူလိုင် ၂၀ရက်နေ့က ပြောကြားခဲ့ ပါတယ်။

မှိုနက်ရောဂါဟာ အရင်တုန်းက ဖြစ်ပွားမှု အလွန်နည်းပါးခဲ့ပေမယ့် ကိုဗစ်ကပ်ဘေးကာလအတွင်းမှာတော့ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာကို တွေ့ရပါတယ်။

အထူးသဖြင့် ကိုဗစ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာတဲ့သူတွေမှာ အဖြစ်များတာကို တွေ့နေရပါတယ်။

ဒါဟာ အလွန်အန္တရာယ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်အထိ ပျံ့ပွားမှုမရှိအောင် ထိန်းချုပ်နိုင်ဖို့အတွက် ခွဲစိတ်ဆရာဝန်တွေက မျက်စိ၊ နှာခေါင်းနဲ့ မေးရိုးတွေကို မဖြစ်မနေ ဖယ်ရှားပစ် ခဲ့ရတာမျိုးလည်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးမှုနှုန်းကလည်း ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြန်ပါတယ်။
အစိုးရရဲ့အချက်အလက်တွေအရ မဟာရာစထရပြည်နယ် အနောက်ပိုင်းမှာ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးဖြစ်နေပြီး ဖြစ်ပွားသူ ၉၃၄၈ ဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ဘေးမတိုင်ခင်ကတော့ အိန္ဒိယအနေနဲ့ မှိုနက်ရောဂါဖြစ်ပွားသူဟာ တစ်နှစ်နေမှ ၂၀ ဦးလောက်သာ တွေ့ရှိတတ်ပါတယ်။

HIV ရောဂါပိုးရှိနေသူတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားသူတွေ၊ သွေးတွင်းသကြားဓာတ်မြင့်မားတဲ့သူတွေအပါအဝင် ကိုယ်ခံအားဆိုးဆိုးရွားရွားထိခိုက်မှုအန္တရာယ် ကြုံတွေ့နေရတဲ့ သူတွေမှာသာ အဖြစ်များခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်လူနာတွေကို ကုသရာမှာ ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ steroid ကို အလွန်အကျွံသုံးစွဲခြင်းကြောင့် အခုလိုမျိုး ရောဂါဖြစ်ပွားသူ မြင့်တက်လာ ရတာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြလျှက်ရှိပါတယ်။

မေလအတွင်းမှာတော့ ရောဂါဖြစ်ပွားသူ များပြားခဲ့တာကြောင့် မှိုရောဂါကို ကပ်ဘေးတစ်ခုအဖြစ် သတ်မှတ်ရမလိုတောင်ဖြစ်ခဲ့တယ်လို့ အိန္ဒိယအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ရောဂါကြောင့် နာမကျန်းဖြစ်နေသူတွေအတွက် ဆေးဝါးရရှိရေး အပူတပြင်းတောင်းဆိုမှုတွေ လူမှုကွန်ရက်ပေါ်မှာ ပြည့်နေခဲ့ကြောင်းလည်း အစိုးရက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အစိုးရရဲ့အချက်အလက်တွေအရ ရောဂါဖြစ်ပွားမှုနှုန်းဟာ မေလနဲ့ဇွန်လမှာ အမြင့်ဆုံးရောက်ခဲ့ပေမယ့် အခုချိန်မှာတော့ အတော်လေးလျော့ကျနေပြီလို့ ဆိုထားပါတယ်။

ဒါပေမဲ့ Hindustan Times သတင်းစာကတော့ မြောက်ပိုင်းက ရာဂျာစတန်ပြည်နယ်က ကလေးငယ်တွေမှာ မှိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတယ်လို့ တနင်္လာနေ့တုန်းက ဖော်ပြခဲ့တာကို တွေ့ရပါတယ်။