သံဖြူဇရပ်တွင် လိုအပ်သည့် ဆေးဝါးများ အိမ်အရောက် အခမဲ့ကူညီ

0
561

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဖျားနာသူများ၊ ဆေးရုံ ဆေးခန်းသွားရန် အဆင်မပြေသူများအတွက် Safe for Sick အစီအစဉ်ဖြင့် လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးလျက်ရှိသည်။

Safe for Sick အစီအစဉ်ကို စေတနာ့ဝန်ထမ်း ဆရာဝန်များ စုပေါင်း ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

Safe for Sick အစီအစဉ်သည် ကိုဗစ်ကာလ ဖျားနာသူများနှင့် ဆေးရုံ ဆေးခန်းသွားရန် အခက်အခဲကြုံတွေ့နေရသူများအတွက် ရည်ရွယ် ကူညီပေးနေခြင်းလည်းဖြစ်သည်။

Safe for Sick မှ ဆရာဝန်များနှင့် Volunteers များက ဖုန်းဖြင့်ဆက်သွယ်လာသူများကို ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပေးပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးနေသည်။

“ဖုန်းနံပါတ်တွေ ပေးထားပါတယ်၊ ဖျားတာပဲဖြစ်ဖြစ် နေမကောင်း တစ်ခုခုဖြစ်ရင် အချိန်မရွေး ဖုန်းဆက်ပါ” ဟု Safe for Sick အစီအစဉ်တွင် ပါဝင်နေသည့် စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာသည့်နောက်ပိုင်းတွင် ပုဂ္ဂလိက ဆေးရုံ ဆေးခန်းအများစုကလည်း ပိတ်ထားကြသည်။

ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများ ပိတ်ထားသည့်အတွက် သာမန်ဖျားနာသူများ ဆေးကုသရန် အခက်အခဲကြုံတွေ့ရမှုလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ဆေးခန်းတွေလည်း ပိတ်။ အပြင်လည်း မထွက်ရဲကြတော့ နေမကောင်း ဖြစ်ရင် အတော်ဒုက္ခဖြစ်ရတယ်။ အခုလို ကူညီပေးမယ်လူတွေ ပေါ်လာတော့ အားကိုးစရာတစ်ခု ရှိသွားတာပေါ့” ဟု ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်တင်ဝင်းက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးအတွင်း ကိုဗစ်ကူးစက်ပြန့်နှံ့မှုရှိနေပြီး သံဖြူဇရပ်မြို့နယ်သည် ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်သည်။

သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်နေ့အထိစာရင်းများအရ ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိကာ သေဆုံးသူ ၁၀ ဦးကျော်ရှိသည်။