ခေတ်သစ် ထားဝယ်ရိုးရာ ဝါဆိုကန်တော့ အခင်းအကျင်း

0
327

ဝါဆိုလဆန်း ၁၄ ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ ထားဝယ်ရိုးရာ ဝါဆိုကန်တော့တဲ့နေ့ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဝါဝင်တော့မယ့်အချိန်မှာ လူကြီးမိဘတွေ၊ ဆရာသမားတွေကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ကြတာဖြစ်ပါတယ်။

မိမိထက် အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ရာထူးကြီးသူ၊ ဘိုးဘွား၊ မိဘ၊ ဆွေမျိုးသားချင်းတွေကို ဖယောင်းတိုင်၊ အမွှေးတိုင်၊ အဝတ်ထည်၊ မုန့် စတာတွေနဲ့ ကန်တော့ကြတာဖြစ်ပါတယ်။

ကိုဗစ်ဖြစ်နေတဲ့ ဒီအချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းတွေကိုပါ ထည့်သွင်းကန်တော့လာကြတာကို တွေ့လာရပါတယ်။

အရင်နှစ်တွေက ဝါဆိုကန်တော့တဲ့ နေ့ဆိုရင် ထားဝယ်ဒေသက လမ်းတွေပေါ်မှာ အဝတ်အစားလှလှပပ ဝတ်ပြီး သွားနေကြသူတွေက အများကြီးတွေ့ရမှာပါ။

ဒီနှစ်မှာတော့ မြို့ပေါ်မှာရော ရွာတွေဘက်မှာပါ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့်မို့ ဝါဆိုကန်တော့ သွားတဲ့သူတွေ သိသိသာသာ နည်းပါးနေတာကို တွေ့ရပါတယ်။

ကူးစက်မှုများပြားနေတဲ့ ကိုဗစ်‌ရောဂါကြောင့်ရော သွားရေး လာရေး အခက်အခဲတွေကြောင့်ပါ ဒီလို သိသိသာသာ လျော့နည်းနေတာဖြစ်တယ်လို့ ထားဝယ်ဒေသခံအချို့က ပြောဆိုကြပါတယ်။

“အိမ်ကလူတွေလည်း တစ်ယောက်မှ သွားမကန်တော့ဘူး။ အိမ်ကိုလည်း တစ်ယောက်မှ လာ ကန်တော့တာ မရှိဘူး” လို့ ထားဝယ်မြို့သစ်ရပ်ကွက်က အသက် ၂၅ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ထားဝယ်မြို့ဝင် မြို့ထွက်နေရာတွေမှာ စစ်ဆေးမှုတင်းကြပ်နေတာတွေကလည်း တစ်မြို့ကနေ တစ်မြို့သွားပြီး ကန်တော့သွားဖို့ အခက်တွေ့စေပါတယ်။

“အစက ကန်တော့ဖို့ စီစဉ်ထားတာ။ ဖျက်လိုက်ရတယ်။ ကန်တော့ဖို့ ဆင်းတာနဲ့ လမ်းမှာ စစ်ဆေးနေတာ တွေ့လို့ မသွားရဲတော့ဘူး။ မြို့ပေါ်မှာလောက်ပဲ လိုက်ကန်တော့လိုက်တယ်” လို့ ထားဝယ်မြို့ပေါ်နေ အသက် ၄၀ ကျော်အရွယ် မိခင်တစ်ဦးက ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ ပေါက်တိုင်းတံတားကိုကျော်ပြီးသွားရတဲ့ ရွာတစ်ရွာမှာ လူကြီးမိဘတွေကို ကန်တော့ဖို့ သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ထားဝယ်မြို့ထဲမှာရှိတဲ့ ဘုရားကြီးအရှေ့မှာ စစ်သားနဲ့ ရဲတွေကို တွေ့လို့ ဆက်မသွားရဲတော့ဘဲ ပြန်လှည့်လာခဲ့ တယ်လို့ ပြောပါတယ်။

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဘုရားကြီး(ရွှေတောင်စားစေတီ) ထဲကို လာတာကြောင့် လုံခြုံရေး အနေနဲ့ အပြင်ဘက်မှာ စောင့်နေတာသာဖြစ်ပြီး လမ်းသွား လမ်းလာတွေကို တားဆီး စစ်ဆေးတာတွေ မရှိဘူး လို့ အနီးနားက ဈေးသည်တွေဆီကနေ သိရပါတယ်။

ပြည်သူတွေကတော့ စစ်သားနဲ့ ရဲ ကို မြင်ရင်ကြောက်လန့်ပြီး တတ်နိုင်သမျှ ရှောင်ကြတော့ သူမလည်း ဒီနှစ် ဝါဆိုကန်တော့ မသွားတော့ဘဲ အိမ်ပြန်လာခဲ့တာပဲ ဖြစ်ပါတယ်။

ထားဝယ်နည်းတူပဲ လောင်းလုံးမြို့နယ်က ကျေးရွာအချို့မှာလည်း တစ်ရွာနဲ့တစ်ရွာ ကူးပြီး သွားကန်တော့ တာမျိုး သိသိသာသာနည်းပါးနေပေမယ့် ကိုယ့်ရပ်ရွာမှာပဲ လိုက်ကန်တော့နေတာမျိုးတော့ ရှိတယ်လို့ ဆိုကြပါတယ်။

“အိမ်က ကလေးနှစ်ယောက်တော့ သွားကန်တော့ကြတယ်။ ကိုယ့်ရွာမှာပဲမို့လို့ သွားခိုင်းတာ” လို့ လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာက ဦးသန့်ဇင်က ပြောပါတယ်။

ဒီလို အခြေအနေမျိုးမှာ ဝါဆိုကန်တော့ပစ္စည်းရောင်းတဲ့သူတွေလည်း အရင်နှစ်တွေလို မရောင်းရတော့ဘူးလို့ ထားဝယ်မြို့ မင်္ဂလာဈေးက ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

“ဆယ်ပုံမှာ တစ်ပုံကို မရောင်းရဘူး” လို့ အဲဒီဆိုင်ပိုင်ရှင်က ငြီးတွားပြောဆိုပါတယ်။

အထက်မြန်မာပြည်မှာတော့ ဝါလကင်းလွတ်တဲ့ သီးတင်းကျွတ်ကာလမှသာ လူကြီးမိဘတွေကို ကန်တော့လေ့ ရှိပါတယ်။

ထားဝယ်ဒေသမှာတော့ တစ်မူထူးခြားစွာနဲ့ နှစ်စဉ်ဝါဆိုလဆန်း ၁၄ ရက်နေ့ (အဖိတ်နေ့)မှာ ဝါဆိုခြေကန်တော့ ကြတာပါ။

ဒါပေမယ့် ထားဝယ်ဒေသက ကျေးရွာအချို့မှာတော့ သီတင်းကျွတ်ကာလနဲ့ သင်္ကြန်အချိန်တွေမှာ ကန်တော့ တာတွေလည်းရှိပါတယ်။

အရင်ကဆိုရင် အဲဒီလို ကန်တော့ပြီးတဲ့အခါ ကန်တော့ခံ အဘိုးအဘွားတွေက ဆုတွေ တသီတတန်းကြီး ပေးလေ့ ရှိကြပါတယ်။

ယနေ့ခေတ်မှာတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အနာမျိုး ၉၆ ပါးကင်းဝေးကြပါစေ” လို့ အတိုချုပ်ပဲ ဆုပေးကြတာ များပါတယ်။

ဒီလိုနေ့ဆိုရင် သွားကန်တော့တဲ့ ကလေးတွေ အပျော်ဆုံးနေ့ဆိုလည်း မမှားပါဘူး။

ဘာဖြစ်လို့လဲဆိုရင် ကန်တော့ခံ အဘိုးအဘွား၊ လူကြီးမိဘတွေပေးတဲ့ မုန့်ဖိုးတွေရလို့ပါပဲ။

ဒီလို ချစ်စရာ ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ထားဝယ်ဓလေ့ ဝါဆိုကန်တော့နေ့ကိုတော့ ရောဂါကပ်ဘေးတွေ၊ သွားရေးလာရေး အခက်အခဲတွေကြားမှာပဲ ကုန်လွန်ဖြတ်သန်းခဲ့ပြီးပါပြီ။

နိုင်ငံရေးနဲ့ ကပ်ဘေးအခြေအနေတွေကြောင့် လူကိုယ်တိုင်သွားကန်တော့လို့ အဆင်မပြေတဲ့သူတွေကတော့ ခေတ်သစ်နည်းနဲ့ အွန်လိုင်းကနေ ဗီဒီယိုဖုန်းခေါ်ဆိုပြီး ကန်တော့ကြတယ်လို့ ဆိုလေရဲ့။