တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ရက်တည်း သုံးဦး သေဆုံး

0
147

တနင်္သာရီတိုင်းတွင် ယမန်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ သုံးဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

တိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာပြီး ထားဝယ်တွင် သေဆုံးသူ တစ်ဦး၊ ပုလောတွင် သေဆုံးသူ နှစ်ဦးရှိလာသည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၁၅ ဦးရှိပြီး ရောဂါကူးစက်သူ ၁၆၅၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက် တစ်ရက်တည်းတွင် ထားဝယ်၌ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦး၊ မြိတ်တွင် ၂၆ ဦး၊ သရက်ချောင်းတွင် ၂၆ ဦး၊ ကော့သောင်းတွင် ၂၁ ဦး၊ ရေဖြူတွင် ၁၂ ဦး၊ လောင်းလုံးတွင် ၅ ဦး၊ တနင်္သာရီတွင် ၁ ဦးရှိသည်ဟု အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားသူ တစ်နေ့တစ်နေ့ တိုးလာနေပြီး သေဆုံးသူများလည်း ရှိလာနေသည်။

ဇူလိုင်လ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာ နှစ်သိန်းနှစ်သောင်းနီးပါးအထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူမှာ လေးထောင်ငါးရာကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် COVID ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု မြင့်တက်လာနေသဖြင့် မိမိအိမ်တွင်သာနေထိုင်ကြရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်းများမပြုကြရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်၊ ခပ်ခွာခွာနေရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ပါတ်တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူရန် စသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

ပုံစာ- ထားဝယ်တွင် ယမန်နှစ်က ကိုဗစ်သံသယဖြင့် သေဆုံးခဲ့သူတစ်ဦးအား သုဿန်သို့ သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။