ရေဖြူ ကိုဗစ်ဆောင် ဒုက္ခ

0
191

ကိုဗစ်တတိယလှိုင်းဖြစ်လာချိန်တွင် ထားဝယ်ဒေသအတွင်း၌ ကိုဗစ်ပိုးတွေ့လူနာ များပြားလာသည်။ထိုကြောင့် ကိုဗစ်လူနာကုသမည့် ဆေးရုံများအပြင် ယခင်က ကွာရန်တင်းစင်တာ လုပ်ခဲ့ဖူးသည့် နေရာများကိုလည်း ကိုဗစ်လူနာဆေးကုသဆောင်အဖြစ် အသုံးပြုလာခဲ့သည်။

လက်ရှိတွင် ထားဝယ်ကွန်ပြူတာတက္ကသိုလ်နှင့် ရေဖြူမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များနေထိုင်သည့် အဆောင်တွင် ကိုဗစ်လူနာများ ထားရှိသည်။

ထိုအဆောင်များအနက် ရေဖြူမြို့နယ်ရှိ ကိုဗစ်လူနာကုသဆောင်တွင် ဆရာဝန်နှင့် သူနာပြုဆရာမများမရှိခြင်း၊ ရေ၊ အိမ်သာ အဆင်သင့်မရှိခြင်း အစရှိသည့် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း ယင်းအဆောင်နေ ကိုဗစ်လူနာအချို့က ညည်းတွားကြသည်။

ရေဖြူ ကိုဗစ်ကုသဆောင်တွင် လူနာအမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၅ ဦးကို ထားရှိပြီး အခန်းထဲတွင် ရောနှောနေထိုင်ရကြောင်း ပြောဆိုကြသည်။

ထိုကြောင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိနိုင်ရန် ယင်းကုသဆောင်နေ ကိုဗစ်လူနာ အမျိုးသားတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းထားသည်။

ယင်းအချက်များထဲမှ အချို့ကို ထုတ်နုတ်ဖော်ပြလိုက်သည်။

မေး- အစ်ကိုအနေနဲ့ ဒီနေရာကို ဘယ်နေ့တုန်းက စရောက်တာလဲခင်ဗျား။

ဖြေ- မနေ့ညနေပိုင်းက စရောက်လာတယ်။ ကိုဗစ်ပိုးတွေ့လို့ ဒီကို ပို့လိုက်တာခင်ဗျား။ စစ်တာက ထားဝယ်က သာသနာ့ဗိမာန်မှာ စစ်တယ်။ စစ်ပြီးတာနဲ့ ပေါ့စတစ်တွေ့တော့ ရေဖြူမြို့နယ်က မီးသတ်ဝန်ထမ်းတွေ နေတဲ့အဆောင်မှာ ထားတယ်ခင်ဗျား။

မေး- အဲဒီအဆောင်က ကိုဗစ်ကုသဆောင်လားခင်ဗျား။

ဖြေ- ကိုဗစ်ကုသဆောင်လို့တော့ ပြောတာပဲ။ အခုချိန်ထိ ဘယ်သူမှမရှိဘူး။ ဘယ်ဆရာမှ မလာဘူးခင်ဗျာ့။ ဆေးကတော့ စားပွဲခုံ ပေါ်မှာ ထားထားတယ်။ ခေါင်းအုံးနဲ့ ရေသန့်နှစ်ကတ်ထားပေးထားတယ်။ ဒီလောက်ပဲရှိတယ်။ အဲဒါကို ကိုယ့်ဟာကိုယူပြီးတော့ ကိုယ့်ဟာကို နေနေရတာ အခုချိန်ထိပဲ။ ဆရာ ဆရာမတွေ ဒီနေ့မှမလာတာလားလို့ အရင်ရောက်နေသူတွေကို မေးကြည့်တော့ ဘယ်သူမှ မလာကြဘူးလို့ပြောတယ်။

မေး- ဆိုတော့ အခုလက်ရှိ နေရစားရတာကရော ဘယ်လိုအနေအထားရှိလဲခင်ဗျား။

ဖြေ- နေရစားရတာကတော့ ထမင်းဆိုင်မှာ ထမင်းမှာရတယ်။ လိုအပ်တာတွေကို နီးစပ်ရာအမျိုးတွေဆီမှာ အကူအညီတောင်းပြီးတော့ လာပို့ခိုင်းရတယ်။

မေး- အိပ်ရ ရေချိုးရတာရော၊ အိမ်သာတွေရော ဘယ်လိုအနေအထားရှိလဲခင်ဗျား။

ဖြေ- အိမ်သာက တော်တော်ဆွေး (အသုံးပြုမရ) နေတယ်။ ရေရအောင်ကလည်း ကျွန်တော်တို့ထဲက ပိုးတွေ့လူနာတစ်ယောက်က အကူအညီတောင်းလို့ ရေပိုက်တစ်ခုကို စည်းတားထားတဲ့နေရာကနေ ကျွန်တော်တို့ဟာကျွန်တော်တို့ ရေရအောင်လုပ်ပြီး ရေချိုးလို့ရအောင် ရေလာအောင်လုပ်ထားရတယ်။ အိမ်သာကတော့ ဘိုထိုင်ပဲ။ ဒါပေမယ့် နှိပ်လိုက်ရင် ခလုတ်တွေက ပျက်နေတယ်။ ခြင်ထောင်လည်းမရှိဘူး။ ကုတင်တစ်ခုနဲ့ ခေါင်းအုံးတစ်လုံးနဲ့။

မေး- ဆေးနဲ့ ရေသန့်က ဘယ်သူလာပေးထားတယ်လို့ သိရလဲခင်ဗျား။

ဖြေ- ဆေးရုံကပဲထင်တယ်။ သူနာပြုတစ်ယောက်ရောက်နေတယ်။ ကျွန်တော်တို့ ပိုးတွေ့လူနာရောက်နေပြီလို့ သူ့ကို အကြောင်းကြားလိုက်လို့ဖြစ်မယ်။ သူနာပြုတစ်ယောက်က ကိုဗစ်ကာကွယ်တဲ့အင်္ကျီတွေဝတ်ပြီးတော့ ဒီနားမှာစောင့်နေတယ်။ အထုပ်တွေပေးပြီး ဒီအဆောင်မှာနေတဲ့။ ပြီးတာနဲ့ ပြန်သွားတယ်။ လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါတဲ့ ဖုန်းနံပါတ်တော့ ပေးခဲ့တယ်။

မေး- ဒီလိုဖြစ်နေတဲ့ အခင်းအကျင်းအပေါ်မှာ ဘယ်လိုပြောချင်လဲခင်ဗျား။

ဖြေ- အရေးကြီးတဲ့လူနာတွေလေဗျာ။ တစ်ကယ်လို့အသည်းအသန် အောက်ဆီဂျင်ရှူရမယ့်လူမျိုးဖြစ်လာပြီဆိုရင် ဘယ်သူမှ မရှိဘူးလေ။ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိဘူး၊ အောက်ဆီဂျင်ရှူဖို့မပြောနဲ့ ရေနွေးအိုးတောင် ကိုယ့်ဟာကို ဝယ်ထားရတယ်။ ရေနွေးရှူဖို့ သက်သာအောင်လုပ်ဖို့။

ကျွန်တော်ပြောချင်တာက သူတို့ဘက်က မလုပ်ပေးနိုင်ဘူးဆိုရင် မလုပ်ပေးနဲ့ ။ ကိုယ်ဖြစ်(ကိုဗစ်အကူးခံရရင်) နေမယ်ဆိုရင် ကိုယ့်အသိနဲ့ကိုယ် ပတ်ဝန်းကျင် အပေါင်းအသင်းတွေကို ကိုယ့်အိမ်ကို မလာခိုင်းနဲ့။ ကိုယ့်ဟာကိုနေပြီး သီးသန့်ကုတာပဲ ပိုအဆင်ပြေသေးမယ်လို့ထင်တယ်။

ဆရာဝန်တွေနဲ့ ဖုန်းနဲ့ မက်ဆင်ဂျာကနေ ဆက်သွယ်ပြီးကုတာပဲ အဆင်ပြေဦးမယ် ထင်တယ်။အခုချိန် အရေးပေါ်မျိုးဖြစ်လာရင် ဘယ်သူမှလာမှာမဟုတ်ဘူး။အခုချိန်မျိုးမှာ အောက်ဆီဂျင်ပြတ်(ကျ)သွားပြီဗျ။ တစ်ယောက်မှလည်းမရှိဘူး။ သွားခေါ်ဖို့ကလည်း အဝေးကြီး။ ဖုန်းဆက်ရင်လည်း ကိုင်ချင်မှကိုင်မယ်ဆိုရင် အဆင်မပြေဘူး။ ဒီလိုဆို ဒီကလူက သေပြီပေါ့။ကိုယ့်အိမ်မှာနေတာပဲ ကိုယ့်ဆွေမျိုး မိသားစုပတ်ဝန်းကျင်က ထောက်ပံ့မှုနဲ့ အမြန်ဆုံးနည်းနဲ့ ပြန်ကောင်းနိုင်သေးတယ်။ ဒီမှာဆိုရင် စိတ်ဓာတ်ကိုကျသွားဦးမယ်။

မေး- လက်ရှိ အခန်းမှာဆိုရင် ဘယ်နှစ်ဦးလောက်နေရလဲခင်ဗျား။

ဖြေ- အခုကျွန်တော်နေတဲ့အခန်းမှာဆိုရင် ၅ ဦးရှိတယ်။ ဘာမှ ကာရံထားတာမရှိဘူး။

မေး- လူနာတွေရဲ့ ကျန်းမာရေးအနေအထားက ဘယ်လိုရှိလဲခင်ဗျား။

ဖြေ- ချောင်းတစ်အားဆိုးတဲ့သူတွေရှိတယ်၊ နှာစေးတဲ့သူတွေရှိတယ်။ အသက်ရှူကြပ်တာတော့ မရှိဘူး။ အသက်ရှူကြပ်လာရင် လမ်းထလျှောက်ပြီး ကိုယ့်ဟာကိုပဲ လေ့ကျင့်နေရတာပေါ့ခင်ဗျား။ တစ်ယောက်ဖြစ်ရင် ဖေးမကူညီပြီး အချင်းချင်းထဲကပဲ လုပ်ပေးနေရတယ်။