ထားဝယ်ကမ်းနားဈေး ယာယီပိတ်

0
259

ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ထားဝယ်မြို့၊ ကမ်းနားဈေးအား ဇူလိုင်လ ၁၀ ရက်မှ စတင်ကာ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။

မျိုးဗီဇ အသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားမှု များလာသဖြင့် ကမ်းနားပျံကျဈေးကို ယာယီပိတ်ထားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားကြောင်း ကမ်းနားဈေးတွင် ဈေးရောင်းနေသူ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

ကမ်းနားဈေးရှိ ကုန်စိမ်း၊ ကုန်ခြောက်၊ ကုန်စိုအရောင်းဆိုင်များအားလုံးကို ယာယီပိတ်ထားခိုင်းပြီး အပြင်ဘက်တွင် ရောင်းချနေသည့် ကမ်းနားပျံကျဈေးနှင့် ဈေးဆိုင်တန်းကိုမူ ပုံမှန်အတိုင်း ရောင်းချခွင့်ပြုထားသည်။ထားဝယ်စည်ပင်သာယာဈေးကြီးတွင် နေ့စဉ် မရှိမဖြစ် မသုံးလိုသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ငါးခြောက်၊ ငရုတ်၊ ကြက်သွန် ကုန်စုံဆိုင်များမှ လွဲ၍ အခြားသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်နှင့် အထည်ဆိုင်များကို ဇူလိုင် ၅ ရက်မှ စတင်ကာ ယာယီပိတ်ထားရန် ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားသည်ဟု ကုန်မာဆိုင်ရောင်းနေသူ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“ပိတ်ရမယ့် ဆိုင်တွေကိုတော့ စာစောင်တွေလိုက်ဝေလိုက်တယ်၊ ဖွင့်မယ်ဆိုရင် ဒဏ်ငွေရိုက်မယ်ဆိုပြောတယ်၊ ဆန်၊ ဆီ၊ ဆေး၊ ဆားဆိုင်တွေတော့ ဖွင့်ခိုင်းထားတယ်၊ ပိတ်ခိုင်းတာကတော့ မနှစ်တုန်းက ပုံစံမျိုးပေါ့၊ ဒါပေမယ့် မနှစ်တုန်းကတော့ ဖွင့်ထားတဲ့ ဆိုင်တွေအပေါ်စည်းကမ်း တော်တော်တင်းကြပ်တယ်၊ အခုနှစ်ကတော့ စည်းကမ်းတင်းကြပ်တာ သိပ်မရှိဘူး” ဟု လူငယ်အမျိုးသမီးက ဆိုသည်။

ဈေးများတွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများနေဖြင့် နှာခေါင်းစည်း တပ်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း စသည့် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ဒဏ်ငွေပေးဆောင်စေခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

သို့သော် သက်ဆိုင်ရာဌာနအနေဖြင့်လည်း ဈေးများတွင် စောင့်ကြပ်ကြည့်ရှုမှု အားနည်းနေသည့်အပြင် ဈေးအတွင်း လိုက်လံစစ်ဆေးမှုများလည်း မရှိကြောင်း လူငယ်အမျိုးသမီးက ပြောသည်။ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများလာသော်လည်း ဈေးရောင်းချသူအချို့နှင့် ဈေးအတွင်းလာသူ အချို့မှာ နှာခေါင်းစည်း တပ်ခြင်း၊ လက်ဆေးခြင်းများကို လိုက်နာမှု အားနည်းနေသည်ကိုလည်း Dawei Watch က တွေ့ရသည်။

ထားဝယ်မြို့ရှိ အခြားဈေးများဖြစ်သော ညောင်ပင်ကြီးအောက်ရှိ ညဈေး၊ ပိန္နဲတောဈေး၊ ခြံထွက်သီးနှံဈေးတို့မှ ဆက်ဖွင့်နေကြဆဲ ဖြစ်သည်။