ရေးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
201

မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဇွန်လ ၂၈ ရက်နေ့နံနက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ယနေ့နံနက်ပိုင်းခန့်က အမည်မသိလူနှစ်ယောက်က လာရောက်ခေါ်ဆောင်သွားပြီးနောက် ရေး-မော်လမြိုင်လမ်းမကြီးဘေး ဆေးတောင်လမ်းဝအနီးတွင် ရုပ်အလောင်း ပြန်လည်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

“ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဆိုတော့ ပစ်သတ်သွားတယ်လို့ပဲ ယူဆရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေးမြိုနယ်တွင် ယခုကဲ့သို့ ပစ်သတ်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ရေးမြို့နယ် ဟံဂံကျေးရွာအနီးတွင် လူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။

၎င်းပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့တွင် ရပ်မိရပ်ဖတစ်ဦး ပစ်သတ်ခံခဲ့ရသည်။စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေသည့်အပြင် စာသင်ကျောင်းတွေမှာ ဗုံးတွေ့ရှိမှုတွေ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

၎င်းပြင် ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်အချို့တို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။