မွန်တွင် ကိုဗစ် အတည်ပြုလူနာ ၃၀၀ ကျော်အထိတိုး

0
225

မွန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည် ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်အထိတိုးလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့သည့် မွန်ပြည်နယ်တွင် ဇွန်လ ၂၇ ရက်နေ့အထိ ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်အထိရှိပြီး အတည်ပြုလူနာ ၆ ဦး သေဆုံးသွားခဲ့သည်။

အတည်ပြုလူနာ အများဆုံးတွေ့ရှိသည့် မြို့နယ်မှာ မော်လမြိုင်နှင့် သံဖြူဇရပ်ဖြစ်ပြီး အတည်ပြုလူနာ တစ်မြို့နယ်လျှင် အတည်ပြုလူနာ ၁၀၀ ကျော်အထိရှိနေသည်။

“အခြေအနေကတော့ တစ်ယောက် Positive ဖြစ်တာနဲ့ သူနဲ့ ထိတွေ့သူတွေ အများစုကလည်း Positive ပြန်ထွက်နေတယ်၊ ကူးစက်တာမြန်တယ်၊ ကူးစက်မှုနှုန်းကလည်း မြင့်လာတယ်” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

ကိုဗစ်အတည်ပြုလူနာများကို ဆေးကုသပေးနေသည့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Warb-3 နှင့် Isolative Warb-1 တို့တွင် လူနာများပြည့်သွားသည့်အတွက် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တွင် အတည်ပြုလူများ ထားရှိရန် တိုးချဲ့ဖွင့်လှစ်ထားသည်။

လက်ရှိတွင် (၁၀) မြို့နယ်ဆောင်တွင်လည်း လူနာများပြည့်လုနီးပါးဖြစ်လာသည့်အတွက် မြို့နယ်အသီးသီးတို့မှ အတည်ပြုလူနာများကို မော်လမြိုင်သို့ မပို့တော့ဘဲ မြို့နယ်အသီးသီးတို့တွင်သာ ထားရှိကုသရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စီစဉ်ထားသည်။

ကိုဗစ်အတည်ပြုလူနာများသည် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိသူများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်အတည်ပြုလူနာ ဆက်တိုက်မြင့်တက်လာသည့်နောက်တွင် Stay at Home သတ်မှတ် မြို့နယ်များမှ လာရောက်သူများ ၁၀ ရက် Quarantine ဝင်ရပြီး ရောဂါပိုးရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရန် မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟုလည်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။