ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြန်ဖွဲ့

0
144

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအား တပ်ကောင်စီက မေလအစောပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဖြစ်သူ ဦးအောင်စိုးက ဥက္ကဋ္ဌတာဝန်ယူထားသည်။

ယခင်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဥက္ကဋ္ဌဖြစ်သည်။ယခင်က ဒုတိယဥက္ကဋ္ဌ(၁)ရာထူးကို တိုင်းဒေသကြီးစီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက တာဝန်ယူပြီး လက်ရှိတွင် တိုင်းဒေသကြီး နစက ကောင်စီအဖွဲ့ဝင် ဦးမောင်ကြီးကို တာဝန်ပေးထားသည်။

ယခင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်ဆန်းမှာ လက်ရှိကော်မတီတွင်လည်း ယင်းရာထူးဖြင့်ပင် ပြန်လည်ပါဝင်လာသည်။တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် နကစကောင်စီ ဒုဥက္ကဋ္ဌက ပြောဆိုထားသည်။

အထူးစီးပွားရေးဇုန်များအတွက် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်မှုကော်မတီများ ရှိသည်။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် အထူးစီးပွားရေးဇုန်များဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နကစကောင်စီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ထားဝယ်- ထီးခီးနှစ်လမ်းသွားကားလမ်း အပါအဝင် လျှပ်စစ်မီးရရှိရေးစီမံကိန်း၊ ဆိပ်ကမ်းငယ် အစရှိသည့် ကနဦးစီမံကိန်း ၉ ခုရှိသည်။

အထက်ပါ ကနဦးစီမံကိန်းများအနက် အထက်ပါ နှစ်လမ်းသွားကားလမ်းအဆင့်မြင့်တင်ရန်အတွက် ယခင်အစိုးရလက်ထက်က ထိုင်းနိုင်ငံမှချေးငွေရယူရန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆွေးနွေးထားသည်။ထိုချေးငွေကို ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖွံ့ဖြိုးရေးအေဂျင်စီ(NEDA) ထံ ရယူမည်ဖြစ်ပြီး မြန်မာအစိုးရ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။

လက်ရှိ နကစကောင်စီ လက်ထက်တွင် အဆိုပါ နှစ်လမ်းသွားကားလမ်းအဆင့်မြင့်တင်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်က ဆိုသည်။

နကစကောင်စီအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံပါဝင်နိုင်ရေးကို ပြန်လည်အကြောင်းပြန်ပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။ယခင်အစိုးရလက်ထက်က နှစ်လမ်းသွားကားလမ်းအဆင့်မြင့်တင်ရေးစီမံကိန်းအတွက် ထိုင်းနိုင်ငံမှ ရယူမည့်ချေးငွေကိစ္စမှာ နှစ်နိုင်ငံလက်မှတ်ထိုးရမည့်အဆင့် ကျန်ရှိနေသေးသည်။