Stay at Home မြို့နယ်မှ လာသူများ ၁၀ ရက် အသွားအလာ ကန့်သတ်ခံရမည်

0
150

ကိုဗစ်ကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ မွန်ပြည်နယ်သို့ လာရောက်သူများ ၁၀ ရက် အသွားအလာကန့်သတ်ခံရမည်ဟု မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

အသွားအလာကန့်သတ်ထားစဉ် ကိုဗစ်ရောဂါပိုး ရှိ မရှိကို ၃ ရက်မြောက်နေ့တွင် ပထမအကြိမ် စစ်ဆေးခံရမည်ဖြစ်ပြီး ၇ ရက်မြောက်နေ့တွင် ဒုတိယအကြိမ် စစ်ဆေးခံရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းပြင် အခြားတိုင်းနှင့် ပြည်နယ်များမှ လာရောက်သူများကိုလည်း စစ်တောင်းတံတားဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းလုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

စစ်ဆေးရေးဂိတ်တွင် ကိုယ်ပူချိန်မြင့်သူ သံသယလက္ခဏာရှိသူကို သွေးတွင်းအောက်ဆီဂျင်တိုင်းတာပြီး သွေးတွင်းအောက်ဆီဂျင် ၉၂ ရာခိုင်နှုန်း အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်မှ ပေးဆောင်ရမည်ဖြစ်သည်။

“စစ်ဆေးရေးဂိတ်မှာ ပိုးတွေ့လူနာတွေ့ရှိပါက မော်လမြိုင်ဆေးရုံကြီး Isolation (1) နဲ့ Isolation (3) ကို ပို့ဆောင် ဆေးကုသခံယူစေမယ်” ဟု ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

အတည်ပြုလူနာနှင့် ထိတွေ့သူများကိုလည်း မော်လမြိုင်တက္ကသိုလ် Community Based Facility Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခံရမည်ဟု ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းမှစပြီး ကိုဗစ်အတည်ပြုလူနာ ဆက်တိုက်မြင့်တက်လာသည့်နောက် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကို ယခုလို ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟုလည်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။