လောင်းလုံး ရေဖြူကျေးရွာ သပိတ်စစ်ကြောင်း ဖြိုခွဲခံရ

0
130

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာသပိတ်စစ်ကြောင်းအား ယနေ့နံနက် ၁၁ နာရီခန့်က အရပ်ဝတ် လက်နက်ကိုင်မျာ ၏ လိုက်လံဖြိုခွဲခံရ‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းသပိတ်စစ်ကြောင်းသည် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်ခြောက်ဦး စီးနင်းလိုက်ပါလာသည့် အဖြူရောင်အိမ်စီးကားတစ်စီးက သပိတ်စစ်ကြောင်းနောက်သို့ သေနတ်ဖောက်ကာ လိုက်နေကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

အရပ်ဝတ် လက်နက်ကိုင်ကားဝင်လာသည့်လမ်းနှင့် သပိတ်စစ်ကြောင်း ချီတက်နေသည့်လမ်းမှာ မတူညီ‌သဖြင့် ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူများ အဖမ်းမခံရဘဲ လူစုခွဲနိုင်ခဲ့သည်ဟုဆိုသည်။

“ရွာထဲမှာ သေနတ်သုံးလေးချက်ပစ်သံကြားရတယ်။ လယ်ထဲက တက်လာတဲ့ သူတွေကိုလည်း သေနတ်ထောက်ပြီး စစ်ဆေးနေကြတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ဖြိုခွင်းပြီးနောက်မှ ဆန္ဒပြရာတွင် မပါဝင်သူအချို့ အဖမ်းခံလိုက်ရ‌ကြောင်း ဒေသခံအချို့က ဆိုသည်။

‌ရေဖြူဘက်က တက်လာသည့် ရဲကားနှင့် အံစာတုံးအမျိုးအစား ကားပေါ်တွင် ‌ခြောက်ဦးခန့်ဖမ်းခေါ်သွားသည်ကို မြင်ရကြောင်း ညင်းမော်ရွာ‌နေ ဒေသခံတစ်ဦးကပြောသည်။

အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုနေဆဲဖြစ်သည်။

ရေဖြူကျေးရွာဈေးနှင့် ကဒက်ငယ်ထိန်ရွာထဲတွင် ၁၁ နာရီဝန်းကျင်အချိန်အထိ သေနတ်ပစ်ဖောက်သံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသပိတ်ဖြိုခွင်းမှုတွင် ဆိုင်ကယ်အချို့ ဖျက်ဆီးခံရပြီး အနည်းဆုံး ဆိုင်ကယ်နှစ်စီးကို သိမ်းဆည်းသွားကြောင်း ဒေသခံအချို့ကပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် အရပ်ဝတ်သေနတ်ကိုင်များ ကဒက်ငယ်ထိန်ကျေးရွာမှ ထွက်ခွာသွားသည်ဟုဆိုသည်။