ထားဝယ်တွင် မသန်စွမ်းအမျိုးသားတစ်ဦး အဖမ်းခံရ

0
132

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ခန္ဓာကိုယ်မသန်စွမ်းသည့် အသက် ၃၀ နှစ်အရွယ် ကိုအောင်ကိုမင်း အဖမ်းခံထားရကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ခန္ဓာကိုယ်မသန်စွမ်းသည့် ကိုအောင်ကိုမင်းသည် ဇွန်လ ၁၁ ရက်နေ့တွင် သုံးဘီးတပ် ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်သွားပြီး ယနေ့အချိန်အထိ အိမ်ပြန်မရောက်သဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း ၎င်း၏အစ်မဖြစ်သူက ဆိုသည်။

ထိုသို့စုံစမ်းရာ ထားဝယ်မြို့ရှိ တပ်ရင်းတစ်ခုတွင် ဖမ်းဆီးခံထားရသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ စစ်ဆေးစရာရှိလို့ ဖမ်းထားတယ်ဆိုတာပဲ သိရသေးတယ်” ဟု အစ်မဖြစ်သူက ဆိုသည်။

ကိုအောင်ကိုမင်းသည် ခန္ဒာကိုယ်မသန်စွမ်းသော်လည်း သုံးဘီးတပ်ဆိုင်ကယ်ဖြင့် သွားလာလှုပ်ရှားပြီး စာစီ၊ စာရိုက် လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။

ထို့အပြင် ကိုယ်ပိုင် စာစီ၊ စာရိုက်လုပ်ငန်း ထူထောင်နိုင်ရန် ကြိုးစားနေသူလည်း ဖြစ်ကြောင်း သိရသည်။

ယခင်က လူမူဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပလေ့ရှိသည့် မသန်စွမ်းဆိုင်ရာ အခမ်းအနားများတွင် မကြာခဏ ဖိတ်ကြားခံရသူဖြစ်သည်။