တနင်္သာရီတိုင်းတွင် ကိုဗစ်လူနာတစ်ရာနီးပါး ဆေးကုသနေရ

0
139

တနင်္သာရီတိုင်းအတွင်း ဆေးကုသမူခံယူနေရသည့် ကိုဗစ်လူနာစုစုပေါင်း ၉၉ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးသိန်းက ပြောကြားသည်။

ဇွန်လ ၇ ရက်နေ့အထိ စာရင်းအရ ထားဝယ်ခရိုင်တွင် ကိုဗစ်လူနာ ၁၆ ဦး၊ မြိတ်မြို့တွင် ၆ ဦး၊ ကျွန်းစုမြို့တွင် ၅ ဦး၊ တနင်္သာရီမြို့တွင် ၃၉ ဦး၊ ကော့သောင်းမြို့တွင် ၃၃ ဦး ဆေးကုသနေသည်။

ယင်းကိုဗစ်လူနာများနှင့် ထိတွေ့ခဲ့သူများကိုလည်း စစ်ဆေးထားဆဲဖြစ်ပြီး သံသယရှိသူများကို မြို့နယ်‌ဆေးရုံတိုင်းတွင် စစ်ဆေးပေးနေကြောင်း ဒေါက်တာအေးသိန်းကပြောသည်။

“တနင်္သာရီတိုင်းအနေနဲ့ကတော့ နည်းနည်းသတိထားရမယ့် အပိုင်းတော့ရှိတယ်။ အချင်းချင်းကူးစက်တာတွေ ရှိလာပြီဆိုတော့လေ။ အဲဒါကို စိုးရိမ်တယ်” ဟု ဒေါက်တာအေးသိန်းက ဆို‌သည်။

တနင်္သာရီတိုင်းသည် လတ်တလော ကူးစက်မှုများသည့် ဒေသတစ်ခုဖြစ်နေသည့်အပြင် အစုလိုက် ကိုဗစ်ပိုးတွေ့သည့် ဖြစ်စဉ်များလည်း တွေ့လာရကြောင်း ၎င်းကပြောသည်။

“ပြည်သူတွေထဲမှာလည်း ကူးစက်မူတွေရှိနေပြီလို့ သတ်မှတ်လို့ရတယ်ပေါ့နော်။ အဲဒါကြောင့် တစ်ကိုယ်ရေ လိုက်နာရမယ့် စည်းကမ်းတွေကိုတော့ လိုက်နာဖို့လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

ကိုဗစ်ရောဂါနှင့်ပတ်သတ်ပြီး ကျန်းမာရေးအသိပညာပေးများကိုမှု ဝန်ထမ်းအင်အားအခြေအနေအရ အပြည့်အဝ မဆောင်ရွက်နိုင်သေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပုံစာ- ပြီးခဲ့သည့်နှစ်က ထားဝယ်မြို့အတွင်းမှ ကိုဗစ်ပိုးတွေ့သူများကို ဆေးရုံသို့ ခေါ်ဆောင်ရန် ပြင်ဆင်နေစဉ်။