မြိတ်သတင်းထောက်နှစ်ဉီး ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

0
380

မြိတ်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် DVB သတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမ အလွတ်တန်းသတင်းထောက်ဖြစ်သူ ကိုဇော်ဇော် တို့ အား ဇွန်လ ၂ ရက်နေ့ နေ့လယ်တွင် တစ်ဉီးကို၂ နှစ်စီအမိန့်ချလိုက်ကြောင်း ကာယကံရှင် မိသားစုထံမှသိရသည်။

DVB သတင်းထောက် ကိုအောင်ကျော် ကို မတ်လ ၁ ရက်နေ့က တပ်ကောင်စီကဖမ်းဆီးခဲ့ပြီး ထောင်တွင်းယာယီတရားရုံး၌ ရုံးချိန်း ၇ ကြိမ် ခေါ်ယူပြီးနောက် ယနေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

“သူတို့လုပ်ရပ်တွေ သတင်းအမှောင်ချချင်လို့ မီဒီယာတွေကို မတရားဖမ်းဆီးတာလို့မြင်တယ်။ လက်ရှိတရားဉပဒေစိုးမိုးမှုကို သူရော၊ ကျွန်မပါမယုံကြည်တဲ့အတွက် ဆက်လက်ပြီးအယူခံဝင်သွားဖို့ ဆန္ဒလည်းမရှိပါဘူး”ဟု ကိုအောင်ကျော်၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။

အလားတူ ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည် မဇ္ဈိမ သတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော် ကိုလည်း ယနေ့ နေ့လယ်တွင် ထောင်ဒဏ် ၂နှစ်အမိန့်ချခဲ့ကြောင်း ၎င်း၏ဇနီးကပြောသည်။

“သတင်းသမားက သတင်းအလုပ်ပဲလုပ်တာ အဲဒါပြည်သူတွေကို လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မတပ် မတရားဖမ်းဆီးတာလို့မြင်တယ် စိတ်ထဲမှာတော့မကြေနပ်ဘူးပေါ့”ဟု ကိုဇော်ဇော် ၏ဇနီးဖြစ်သူ မတင်တင်မိုး ကပြောသည်။

ကိုအောင်ကျော်နှင့် ကိုဇော်ဇော်တို့အား သတင်းအမှားထုတ်လွှင့်သည်၊ ဆူပူအောင်လှုံဆော်ရေးသားသည်ဟု ဆိုကာ ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ထောင်ချခဲ့ခြင်းဖြစ်သည်။

၎င်းတို့တရားရင်ဆိုင်နေရသည့် ကာလအတွင်း အမှုလိုက်ပေးမည့် ရှေ့နေ ငှားမရသည့် အခက်အခဲများလည်း ရင်ဆိုင်ခဲ့ရသည်။

ကိုအောင်ကျော်တွင် ၂ နှစ်ကျော်အရွယ် သမီးလေးတစ်ဉီး ရှိပြီး ကိုဇော်ဇော် တွင်လည်း ၅ နှစ်အရွယ် သားတစ်ဉီး ရှိသည်။