သံဖြူဇရပ် အထက(၁) တွင် လက်လုပ်မိုင်း ၃ လုံးတွေ့

0
266

မွန်ပြည်နယ် သံဖြူဇရပ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်တစ်ခုအတွင်း ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က လက်လုပ်ချိန်ကိုက်မိုင်း ၃ လုံး တွေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

ချိန်ကိုက်မိုင်းများကို ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ခု၏ အမှိုက်ပုံးနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီလာရောက် ရှင်းလင်းခဲ့သည်ဟုလည်း သိရသည်။

အလားတူ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုတွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုကဲ့သို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တို့တွင် ဗုံးတွေ့ရှိမှု ဆက်တိုက်ရှိလာသည့်အတွက် ကျောင်းသူ ကျောင်းသားမိဘများအကြား စိုးရိမ်ထိန့်လန့်စရာဖြစ်လာသည်။

“အခုက ကျောင်းဖွင့်နေပြီးလေ ကျောင်းမတက်ကြတာရှိသလို ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရှိတယ်၊ ဒီကလေးတွေအတွက် စိုးရိမ်တာတော့ အမှန်ပဲ” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စကာ စတင်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသူ ကျောင်းသားနည်းပါးသော်လည်း ကျောင်းတိုင်းတွင် ကျောင်းတက်နေသည့် ကျောင်းသူ ကျောင်းသားအချို့ရှိသည်ဟု ပညာရေးဝန်ထမ်းအချို့တို့ထံမှ သိရသည်။

ကျောင်းစဖွင့်သည့် ဇွန်လ ၁ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သေးသည်။

၎င်းပြင် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းဆောင်အချို့ မီးလောင်းသွားသည့်ဖြစ်ရပ်လည်း ဖြစ်ပွားမှု ရှိခဲ့သည်။

လက်ရှိတွင် စာသင်ကျောင်းဆောင်များ မီးလောင်ခြင်း ကျောင်းဝင်းအတွင်း ဗုံးတွေ့ရှိမှု ဗုံးပေါက်ကွဲမှု ဖြစ်ပွားလာသည့်နောက်ပိုင်း စာသင်ကျောင်းများ အထူးသဖြင့် ရပ်ကျေးတွင် ရှိနေသည့် စာသင်ကျောင်းများကို ရပ်ရွာလူထုတို့က အလှည့်ကျစနစ်ဖြင့် ကျောင်းတွေကို လုံခြုံရေး ယူပေးနေရသည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။