ထားဝယ်မြို့သစ်မြေကွက် အရောင်းအဝယ်အေး

0
438
Dawei Watch, Dawei News, Dawei News Media

လက်ရှိ နိုင်ငံရေးဖြစ်စဉ်များကြောင့် ထားဝယ်မြို့သစ်မြေ အရောင်းအဝယ် အေးနေကြောင်း မြေရောင်းဝယ်ရေးအကျိုးဆောင် အချို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ တပ်အာဏာမသိမ်းမီက တစ်လလျှင် ပျမ်းမျှ မြေကွက် ခြောက်ကွက်ခန့် အရောင်းအဝယ်ဖြစ်နေရာမှ လက်ရှိတွင် နှစ်ကွက်ခန့်သာ အရောင်းအဝယ်ဖြစ်တော့ကြောင်း မြို့သစ်မြေကွက် အကျိုးဆောင် လုပ်နေသည့် အမျိုးသား တစ်ဦးက ဆိုသည်။

“အိမ်ခြံမြေအရောင်းအဝယ်ကတော့ ပါး (နည်း) တယ်၊ဘဏ်မှာ ငွေထုတ်လို့မှ မရတာကိုး၊ အခုတောင် ငွေချေလို့ မရတာ လေးကွက်လောက်ရှိနေတယ်” ဟု ယင်းအမျိုးသားက ပြောသည်။

မြေအရောင်းအဝယ်အေးစက်နေသောလည်း မြေဈေးမှာ ကျဆင်းသွားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြေတစ်ကွက်လျှင် သိန်း နှစ်ရာမှ လေးရာအကြား မြေကွက်အချို့ အရောင်းအဝယ်အနည်းငယ်ရှိပြီး သိန်းထောင်တန် မြေကွက်မှာ ဝယ်သူမရှိဖြစ်နေကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း ကိုဗစ်ကပ်ဘေးကြောင့် ထားဝယ်မြို့ မြေအရောင်းအဝယ်ဈေးကွက်မှာ မျှော်မှန်းသလောက် အလုပ်မဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်များက အရောင်းအဝယ်သွက်ခဲ့သည့် အကွက်ရိုက်မြေလည်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။