ကံပေါက်တွင် PSI စလောင်းများ ဖြုတ်သိမ်းရန် အသိပေး

0
233

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ထိုင်းနိုင်ငံထုတ် PSI စလောင်းများကို ဖြုတ်သိမ်းရန် တပ်ကောင်စီဘက်က လိုက်လံသတိပေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဧပြီလ ၁၆ ရက်တွင် PSI စလောင်းများကို နောက်ဆုံးဖြုတ်သိမ်းရန် ရေးသားထားသည့်စာရွက်များကို ဧပြီလ ၂၅ ရက်တွင် စစ်သားများက လိုက်ကပ်နေကြောင်း ၎င်းတို့ကဆိုသည်။

မဖြုတ်ပါက အရေးယူမည်ဆိုသောကြောင့် အချို့ကဖြုတ်သိမ်းနေကြကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“တချို့ကတော့ ကြောက်ပြီးဖြုတ်နေကြတယ်။ အများစုကတော့ မဖြုတ်ကြဘူး” ဟု ၎င်းကဆိုသည်။

ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာနှင့် အနီနားကျေးရွာအချို့ကိုလည်း ပြီးခဲ့သည့်အပတ်က ယင်းနည်းတူ PSI စလောင်းများဖြုတ်သိမ်းရန် သတိပေးခဲ့ဖူးသည်။

မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံရသဖြင့် အွန်လိုင်းပေါ်တွင်သတင်းအချက်မရနိုင်သည့် အခြေအနေတွင် ပြည်သူအများစုသည် PSI စလောင်းမှတဆင့်ထုတ်လွှင့်သည့် ရုပ်မြင်သံကြား သတင်းများကို အားကိုးနေရခြင်းဖြစ်သည်။

PSI စလောင်းများသည် တရားမဝင်ကြောင်းလည်း တပ်ကောင်စီကလိုက်ကပ်နေသည့် စာရွက်တွင် ရေးသားထားသည်။

ကလိန်အောင်မြို့တွင်မူ အချို့ နေရာများတွင် အိမ်အထိ လိုက်လံဖြုတ်ခိုင်းနေကြောင်း ဒေသခံတစ်ဦးကဆိုသည်။