လောင်းလုံးသပိတ်စစ်ကြောင်း လူစုခွဲပြီးနောက် ပစ်ခတ်မှုဖြစ်၊ ဆိုင်ကယ်များအသိမ်းခံရ

0
145

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တောင်ပိုင်းကျေးရွာများသပိတ်စစ်ကြောင်း လူစုခွဲပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် ခြောက်စီး အသိမ်းခံလိုက်ရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူအချို့ထံမှ သိရသည်။

ဧပြီလ ၂၅ ရက် လောင်းလုံးတောင်ပိုင်းကျေးရွာများသပိတ်စစ်ကြောင်းသည် ကဒက်ကြီးရွာအနီးတွင် ရဲကားရောက်လာသဖြင့် လူစုခွဲလိုက်ရကြောင်း စစ်ကြောင်းတွင်ပါဝင်သူအမျိုးသားတစ်ဦးကဆိုသည်။

လူစုခွဲလိုက်ပြီးဖြစ်သဖြင့် ဆက်ထွက်သွားသည့်ရဲကားသည် ကဒက်ကြီးကျေးရွာ သင်္ချိုင်းအရောက်တွင် သေနတ်ပစ်ခတ်သံများကြားရသည်ဟုဆိုသည်။

ယင်းနောက် ကဒက်ကြီးသင်္ချိုင်းအတွင်း ဝင်ပုန်းနေသူများ ထွက်ပြေးသွားသည်ကိုတွေ့ရပြီး ကျန်ခဲ့သည့် ဆိုင်ကယ် ခြောက်စီးကို မြေသယ်ကားတစ်စီးပေါ်တင်ပြီး သိမ်းဆည်းသွားကြောင်း မျက်မြင်တွေ့သူတစ်ဦးက ဆိုသည်။

ယင်းပစ်ခတ်မှုတွင်မူ ထိခိုက်ဒဏ်ရရသူမရှိကြောင်း သိရသည်။

ဓာတ်ပုံ – လောင်းလုံး သပိတ်ကော်မတီ