ထားဝယ် CCTV မှတ်တမ်းမှ လူငယ် ဒဏ်ရာသက်သာ

0
340

လူငယ် သုံးဦး ဆိုင်ကယ် စီးလာစဉ် လူငယ်တစ်ဦး အပစ်ခံရကြောင်း မှတ်တမ်းပျံ့နှံ့ နေသည့် CCTV အတွင်းမှ လူငယ်မှာ ဒဏ်ရာသက်သာနေကြောင်း ယင်းလူငယ်၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောကြားသည်။

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သားဖြစ်သူ အပါအဝင် လူငယ်သုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ကညုံရပ်ကွက်လမ်းကြား အတွင်းမှ အာဇာနည်လမ်းသို့ ထွက်လာစဉ် အရပ်ဘက်ကားစီးလာသည့် ရဲနှင့် စစ်သားများ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်သည့် CCTV ရုပ်သံမှတ်တမ်းတစ်ခုလည်း ဖေ့ဘုတ်ပေါ်တွင် ပျံ့နှံ့နေပြီး အဆိုပါရုပ်သံဖိုင်တွင် ဒဏ်ရာရသည့် ကိုကျော်မင်းလတ် ခေါ် ကိုဖိုးတုတ်အား ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။

ယင်းလူငယ် သေဆုံးဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်မှာ မဟုတ်မှန်ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရသည့် အသက် ၁၇ နှစ်အရွယ်ရှိ ကိုဖိုးတုတ်အား တပ်မတော်ဆေးရုံတွင် ဆေးကုသနေပြီး ဒဏ်ရာ သက်သာနေပြီဖြစ်ကြောင်း ၎င်း၏ ဖခင်ဖြစ်သူက ဆိုသည်။

“အခုတော့ သတိရနေပြီခင်ဗျား၊ ဘာမှမဖြစ်ဘူးခင်ဗျား၊ နားရွက်အောက်က ရှပ်(ထိ)သွားတာလောက်ပဲ” ဟု ၎င်းက ပြောသည်။

သားဖြစ်သူမှာ ဆန္ဒပြပွဲနှင့် သက်ဆိုင်ခြင်းမရှိဘဲ သူငယ်ချင်းများနှင့် သွားလာရာမှ ထားဝယ်မြို့ အထက ၃ အနီးတွင် ဆိုင်ကယ်စီးရင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။