၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ပြန်ချိန်း

0
226
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုအား မတ်လ ၁၈ ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

ဦးမြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(ခ)ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်က ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။

ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှု ကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။

ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ်ကျပ်နှစ်သိန်းဖြစ်စေ၊ ထောင် ဒဏ်အများဆုံး ၂ နှစ် အထိ ဖြစ်စေ ချမှတ်နိုင်သည်။

အမှုရုံးချိန်းကို မတ်လ ၄ ရက်တွင် ချိန်းဆိုခဲ့သော်လည်း ကိုဗစ်ကပ်ဘေး ကြောင့် ရုံးထုတ်နိုင်ခြင်းမရှိဘဲ အွန်လိုင်း ဗီဒီယို စနစ်ဖြင့် ရုံးချိန်းပေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရား လွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမဲခန့် ခွဲမှုအစီအစဉ် (CMP) အတွက် အစည်းအဝေးလုပ်ရန် သတ်မှတ်ထားသော်လည်း ရုံးထုတ်နိုင်ခြင်းမရှိသည့်အတွက် မလုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မတ်လ ၄ ရက် ရုံးချိန်းတွင် မှုခင်း စီမံခန့်ခွဲမှု အစည်းအဝေးမလုပ်ဖြစ်သော်လည်း ဦးမြင့်မောင်ဘက်မှ အမှု လိုက်ပါဆောင်ရွက်မည့် ရှေ့နေ ၈ ဦးက ကိုယ်စားလှယ်လွှဲစာယူခဲ့ကြောင်း ဦးအောင်ဇာနည်စိုးက ဆိုသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဘက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက် အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး တရာလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။

ထိုကြောင့် မတ်လ ၁၈ ရက်ရုံးချိန်းတွင် ဦးမြင့်မောင်အား ရုံးထုတ်နိုင်ပါက မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး လုပ်မည်ဖြစ်ကြောင်း ဦးအောင်ဇာနည်စိုးက ဆိုသည်။

“တရားသူကြီးကတော့ ကိုဗစ် ကျန်းမာရေးအခြေအနေအရ ရုံးထုတ် နိုင်ခြင်းမရှိဘူးဆိုတာတော့ ရှင်းပြတယ်” ဟု ၎င်းက ပြောသည်။

တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ လ ၁ ရက်နံနက်စောစောတွင် ဦးမြင့်မောင် အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုခဲ့ကြောင်း သိရသည်။