ထားဝယ်ဆန္ဒပြပွဲ အဖမ်းခံရသူများကို ယခုလ ၁၂ ရက်နေ့ တရားစွဲတင်မည်

0
186
Dawei Watch, Dawei News, Dawei News Media

အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်မြို့ ဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသူ ၁၆ ဦးအား မတ်လ ၁၂ ရက်တွင် တရားစွဲတင်မည်ဟု သိရကြောင်း လိုက်ပါကူညီနေသည့် ရှေ့နေတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက် ပစ်ခတ်ဖြို ခွင်းမှုဖြစ်စဉ်တွင် အဖမ်းခံရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦးအား ရာဇသတ်ကြီးပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားသည်ဟု သိရကြောင်း အဆိုပါ ရှေ့နေက ဆိုသည်။

ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)၊ ၅၀၅(ဂ) နှင့် ၁၄၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အဖမ်းခံရသူ အမျိုးသား ၁၁ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးပါဝင်နေသည့်အတွက် အာမခံဖြင့် လွှတ်ထားကြောင်း ၎င်းက ဆိုသည်။

အထက်ပါ အဖမ်းခံရသူများအား အမှုတစ်ခုတည်းပေါင်းပြီး အမှုဖွင့်ထား သည်ဟု သိရကြောင်း အထက်ပါရှေ့နေ က ပြောသည်။

၎င်းတို့အား ထားဝယ်မြို့နယ် တရားရုံးတွင် အမှုစွဲတင်မည်ဖြစ်သည်။

“ကြားထဲမှာတော့ လိုက်ပေးမယ့် ရှေ့နေတွေက ပြင်ဆင်နေတုန်းပေါ့နော်” ဟု ယင်းရှေ့နေက ပြောသည်။

ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က) မှာ တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားအား စစ်ပုန်ကန်ခြင်းကို သော် လည်းကောင်း၊ မိမိ၏တာဝန် ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ပြစ်ဒဏ်ချမှတ်နိုင်သည်။

အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှု ကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုး လှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်းကို အရေးယူသည့်ပုဒ်မဖြစ်ပြီး ဖောက်ဖျက်သည်ဟု အမိန့်ချပါက သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း အထက်ပါရှေ့နေက ရှင်းပြသည်။

ပုဒ်မ- ၅၀၅ (ဂ)မှာ လူအချင်းချင်း ဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တစ်ဘက်နှင့်တစ်ဘက်ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင် သို့မဟုတ် အဆိုပါလှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ပြစ်ဒဏ်ချမှတ် နိုင်သည်ဟု ဖော်ပြထားသည်။

ဖောက်ဖျက်သည်ဟု အမိန့်ချပါက ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ပုဒ်မ- ၁၄၅ မှာ လူစုခွဲရန် အမိန့်ပေးပြီးဖြစ်ကြောင်းသိလျက် ဥပဒေ နှင့်ဆန့်ကျင်သော အစုအဝေး၌ပါခြင်းဖြစ်ပြီး ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။