အလုပ်မဆင်း ဆန္ဒထုတ်ဖော်သည့် ဝန်ထမ်းအချို့ ဖိအားပေးခံနေရ

0
167
Dawei Watch, Dawei News, Dawei News Media

အလုပ်မဆင်းဆန္ဒထုတ်ဖော်နေသည့် ဝန်ထမ်းတို့အား အကြီးကဲအချို့က ဖိအားပေးခံနေရကြောင်း ဝန်ထမ်းအချို့ က ဖွင့်ဟကြသည်။

ဝန်ထမ်းအိမ်ရာတွင်နေထိုင်ပြီး အလုပ်မဆင်းဆန္ဒထုတ်ဖော်နေသည့် ဝန်ထမ်းများကို စာရင်းကောက်နေကြောင်း ထားဝယ်သပိတ်တွင် ပါဝင်ဆန္ဒ ထုတ်ဖော်နေသည့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

တိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ စာရင်းကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လတ်တလောတွင် ဝန်ထမ်းအိမ်ရာ မှာထွက်ခွာစေခြင်း မရှိသေးသော်လည်း စာရင်းကောက်နေသည်ကို ထောက်ရှခြင်းအားဖြင့် မကြာမီထွက်ပေးရတော့ မည်ဟုထင်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်က ထားဝယ် သပိတ်စစ်ကြောင်းတွင် လာရောက်ပူး ပေါင်းဆန္ဒထုတ်ဖော်ပြီး ဟောပြောခဲ့ သည့် ထွေအုပ်ဝန်ထမ်းဖြစ်သူ ဦးကျော်ဆန်းလွင် ကိုလည်း အလုပ်မှယာယီရပ် နားခြင်းခံလိုက်ရသည်။

ဦးကျော်ဆန်းလွင်သည် ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာ စာရေး (ထွေ/အုပ် အငယ်တန်းစာရေး) တစ်ဦး ဖြစ်သည်။ အာဏာရှင်အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသောကြောင့် အလုပ်မဆင်းဆန္ဒထုတ်ဖော်ပြီး သပိတ်စစ်ကြောင်းတွင် ပါဝင်ရခြင်းဖြစ်ကြောင်း တနင်္သာရီအပတ်စဉ်သို့ ဖြေကြားခဲ့သည်။

“ကျွန်တော်ဘာမှကို မကြောက်ဘူး။ အဲဒီအတွက်စိန်ခေါ်မှုလည်း မရှိပါဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ် ဒီမှာလာပူး ပေါင်းတာဖြစ်တယ်” ဟု ဦးကျော်ဆန်းလွင်က ဖေဖော်ဝါရီလ ၁၁ ရက် ထားဝယ် ဆန္ဒပြပွဲတွင် တနင်္သာရီအပတ်စဉ်သို့ ဖြေကြားခဲ့သည်။

သပိတ်စစ်ကြောင်းတွင်ပါဝင်ပြီး ဟောပြောခဲ့ခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေကို ဖောက်ဖျက်သည် ဟုဆိုကာ ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးက အလုပ်မှယာယီရပ်နားလိုက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နောက်ဆုံးထား လာရောက်ဖြေရှင်းရန်လည်း ထားဝယ်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ထားသည်။

အချို့ဝန်ထမ်းတို့မှာ အလုပ်မဆင်း ဆန္ဒထုတ်ဖော်ကြောင်း ကြေညာပြီး အလုပ်မဆင်းဘဲနေရာမှ အထက်အကြီးအကဲ၏ တောင်းဆိုမှုကြောင့် အလုပ်ပြန်ဆင်း နေသူလည်းရှိကြောင်း ထားဝယ်မြို့တွင် တာဝန်ကျနေသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မူ မသာမာသူတို့၏သွေးထိုးလှုံ့ဆော်မှုကြောင့် ရုံးပျက်ကွက်နေကြသည့် ဝန်ထမ်းများရုံးပြန်တက်ကြရန် ပြောဆိုထားသည်။