လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်သုံးဦး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရ

0
159
Dawei Watch, Dawei News, Dawei News Media

တပ်မတော်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် NLD တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး သုံးဦးမှာ လက်ရှိ အချိန်ထိ အဖမ်းခံထား ရဆဲဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များ အပါအဝင် ပါတီတာဝန်ရှိသူအချို့ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းပြီးချိန်မှစ၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လူမှုရေးနှင့် စည်ပင် သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ စီမံ/ဘဏ္ဍာဝန်ကြီးဒေါ်ရီရီချိုတို့မှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်းတို့အနက် လူမှုစည်ပင်ဝန်ကြီး ဦးဟိုပင်အား ဖမ်းဆီးပြီးနောက်တစ်ရက်တွင် အဝတ်အစားအချို့နှင့် သွားတိုက်ဆေး၊ သွားတိုက်တံများကို လိုနေသည် ဟု တာဝန်ရှိသူများက လာတောင်းကြောင်း ဇနီးဖြစ်သူ ဒေါ်မာမာလွင်က ပြောသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တာဝန်ရှိသူများက ဦးဟိုပင် ဖတ်မည့် စာအုပ်လာယူပေးကြောင်း ၎င်းက ဆိုသည်။

ထိုအချိန်မှစ၍ အဆက်အသွယ်မျှ မရတော့ဘဲ မည်သည့်နေရာတွင် ဖမ်းထားသည်ကိုပင် မသိရတော့ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

စတင်ဖမ်းဆီးချိန်က ထားဝယ်မြို့ရှိ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ဒေါ်မာမာလွင်က ဆိုသည်။

“လက်လှမ်းမီသလောက် လျှောက် လိုက်မေးချိန်မှာလည်း ဘယ်နေရာမှာရှိ တယ်ဆိုတာ ဘယ်သူမှလည်း ပြန်မဖြေ ပေးဘူး” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ အခြေအနေတွင် ဖေဖော်ဝါရီ လ ၁၁ ရက်နေ့ နေ့လယ်နောက်ဆုံးထားကာ တိုင်းအစိုးရဝန်ကြီးများ အိမ်ရာ အတွင်းမှ မိသားစုဝင်အားလုံးထွက်ပေးရန် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သားများက လာရောက်ပြောဆိုခဲ့ကြောင်း ပါတီတာဝန်ရှိသူက ဆိုသည်။

ဦးဟိုပင်၏ မိသားစုဝင်များက ဖေဖော်ဝါရီလ ၁၁ ရက် ညနေပိုင်းတွင် ပစ္စည်းများသိမ်းကာ ထွက်လာကြောင်း ဒေါ်မာမာလွင်က ပြောသည်။

၎င်းတို့ထွက်လာချိန်တွင် ကရင် တိုင်းရင်းသားဝန်ကြီး ဦးစောလုကာနှင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးလှထွေးတို့ ကျန်နေခဲ့ကြောင်း ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်ဦးမြင့်မောင်ကိုမူ နေအိမ် အကျယ်ချုပ်ထားရှိရာမှ ဖေဖော်ဝါ ရီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် ဖမ်းဆီးသွားခဲ့သည်။

မဲစာရင်းအမှားအယွင်းရှိသည်ဟုဆိုကာ တပ်မတော်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများလည်း နေ့စဉ် ဖြစ်ပွားနေသည်။