တစ်ပတ်အတွင်း အာဏာသိမ်းမှု ဖြစ်စဉ် အကျဉ်းချုပ်

0
441
ပြည်သူ့ဝန်ထမ်းများ ပါဝင်လာည့် ထားဝယ်ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသော ဖြစ်စဉ်များကို အကျဉ်းချုပ် မှတ်တမ်းဖော်ပြလိုက်ပါသည်။ ဖေဖော်ဝါရီ ၈ မှ ၁၄ ရက်နေ့ အထိ ဖြစ်စဉ်များကို ဖော်ပြထားပါသည်။

ဖေဖော်ဝါရီ ၈

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံအနှံ့ မြို့ကြီးများ အပါအဝင် ပိုမိုအရှိန်ကောင်းလာပြီး ရုံးမတက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ဝန်ထမ်းများ ပိုမိုပါဝင်လာသည်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၏ ပါဝင်မှု အရှိန်ပိုရလာကာ အခြားသော ဌာနများက ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး ရုံးမတက်လှုပ်ရှားမှုလည်း ပိုမိုအားကောင်းလာသည်။ ကမ္ဘောဇ၊ ဧရာဝတီ၊ နှင့် CB စသော ပုဂ္ဂလိကဘဏ်အချို့ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်သည်။ ယခင်က ပိတ်ထားသော ဘုရာစေတီတချို့ကို ဖူးမြော်ခွင့် ပြန်လည်ဖွင့်ပေးသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က MRTV ကတဆင့် ယင်းတို့၏ လုပ်ဆောင်ချက်များကို ပြောသည်။ ထိုသို့ပြောကြားရာတွင် ဒီမိုကရေစီကို ကာကွယ်ရန် မလွှဲမရှောင်သာ အာဏာယူရကြောင်း၊ မဲမသမာမှုများကို ပြန်စစ်မည်ဖြစ်ကြောင်း၊ မကြာမီကျောင်းများ ပြန်ဖွင့်မည်ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲကိုလည်း ပြန်လည်ကျင်းပပေးမည့်အကြောင်းလည်းပါသည်။  မြို့နယ်အချို့တွင် လူ ၅ ဦးထက်ပိုစုခွင့် နှင့် ည ၈ နာရီ နှင့် မနက် (၄) နာရီအကြား အပြင်သို့ထွက်ခြင်းကို တားမြစ်သော ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း အမိန့်စာများထွက်လာခဲ့သည်။ ရပ်ကွက်များအတွင်း လှည့်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၉

ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော် မှဗဟိုဘဏ်ဝန်ထမ်းများ CDM တွင်ပါဝင်လာသည်။ လူ ၅ ဦးထက်ပိုမစုရသော ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကာ လုံခြုံရေးတိုးမြှင့်ထားသော်လည်း သန်းချီသော လူထုမှာ ယခင်နေ့များကဲ့သို့ပင် နိုင်ငံတစ်ဝန်း စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြ၏။ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သပိတ်စစ်ကြောင်းများလည်း လူထုနှင့်အတူပါဝင်လာခဲ့သည်။ မြို့ကြီးအချို့တွင် လုံခြုံရေးများက ရေအမြောက် နှင့် သေနတ်သုံးကာ အကြမ်းဖက်လူစုခွဲခဲ့သဖြင့် ပြည်သူအချို့ အပြင်းအထန်ထိခိုက်ဒဏ်ရာရသည်။ နေပြည်တော်တွင် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်သင့်ခဲ့သည်။ ဆန္ဒပြပြည်သူအချို့ ဖမ်းဆီးခံရသည်။ လူစုခွဲရန် တာဝန်ကျနေသော ရဲအချို့ ပြည်သူများဘက်သို့စတင်ပါဝင်လာခဲ့သည်။ ရန်ကုန်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးချုပ်ကို စစ်တပ်က ညဘက်တွင် ဝင်ရောက်ရှာဖွေသည်။

ဖေဖော်ဝါရီ ၁၀

လူမစုရ အမိန့်ကို အာခံကာ လမ်းပေါ်ထွက် လူစုဆန္ဒထုတ်ဖော်မှုများ နိုင်ငံအနှံ့ ပိုမိုအားကောင်းလာသည်။ ဆန်းသစ်သော အရေးအသားများ၊ ဝတ်စုံများ၊ သရုပ်ဟန်ပန်များဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်သော လှုပ်ရှားမှုများပိုမိုတွေ့လာရသည်။ ဆန္ဒပြ ပြည်သူများသည် လုံခြုံရေး ရဲများ စစ်သားများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ကာ ညှိနှိုင်းခြင်း၊ ရှောင်ကွင်းခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည်။ အာဏာသိမ်းမှုနှင့် လူထုကို အကြမ်းဖက်ခြင်းအား ကန့်ကွက်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများ ကြေညာသည်။ နေပြည်တော်အပါအဝင်နိုင်ငံအနှံ့ရှိ အုပ်ချုပ်ရေးဝန်ထမ်းများ ဖြစ်သော ထွေအုပ်၊ ရဲ တို့၏ လူထုနှင့်ပါဝင်မှုပိုမိုများပြားလာသည်။ ကယားပြည်နယ်တွင် ပြည်သူ့ရဲပေါင်း ၅၀ ခန့် လူထုနှင့် ပူးပေါင်းခဲ့သည်။ နေအိမ်အကျယ်ချုပ်ပုံစံဖြင့် ထိန်းသိမ်းခံထားရသော ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ နှင့် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့ကို စစ်တပ်က ဖမ်းဆီးကာ နေရာရွှေ့ပြောင်းသည်။ ည ၁၀ နာရီခန့်တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အချို့စစ်တပ်၏ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။

ဖေဖော်ဝါရီ ၁၁

နိုင်ငံတဝန်း အာဏာသိမ်းမှုဆန်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက်အားကောင်းနေကာ ရန်ကုန်တွင်မူ သံရုံးများရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ များလာသည်၊ အထူးသဖြင့် တရုတ်သံရုံးရှေ့တွင် ပြည်သူများ ဆန္ဒပြကြကာ အာဏာသိမ်း စစ်တပ်ကို မထောက်ပံ့ရန် တောင်းဆိုကြသည်။ တရုတ်နိုင်ငံက မြန်မာစစ်တပ်ကို အင်တာနက်ထိန်းချုပ်ရေးနည်းပညာများ၊ ပစ္စည်းများ ကူနေကြောင်း လူထုကြားတွင် သတင်းများထွက်ပေါ်နေခဲ့သည်။ တရုတ်သံရုံးကမူ အဆိုပါသတင်းမှာ မဟုတ်ကြောင်းငြင်းဆိုကာ တရုတ်နှင့်မြန်မာအကြား လတ်တလောပြေးဆွဲနေသည့် လေယာဉ်များသည် ပင်လယ်စာ အစရှိသော ပစ္စည်းများသာ သယ်ယူနေသည်ဟု ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်သူထံပြောကြားသည့် မိန့်ခွန်းကို ထုတ်ပြန်သည်။ ထိုအထဲတွင် ဝန်ထမ်းများကို ရုံးပြန်တက်ရန် တိုက်တွန်းသည့် ပြောကြားချက်များပါဝင်သည်။

ရှမ်းပြည်နှင့် ကရင်ပြည်ရှိ နေရာအချို့တွင် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ အချို့ကို ဖမ်းဆီးကာ ပုဒ်မမျိုးစုံနှင့် စွပ်စွဲသည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအမှုဖွင့်ခံကြရသည်။ အဖမ်းခံရသူများမှာ NLD နှင့် SNLD ပါတီဝင်များဖြစ်ကြသည်။

မြန်မာ့ထိပ်တန်းတပ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန်က အရေးယူဒဏ်ခတ်မှုပြုသည်။ ထိုဆယ်ဦးတွင် ကာချုပ်နှင့်ဒုကာချုပ် အပါအဝင် ယာယီသမ္မတ ဦးမြင့်ဆွေလည်းပါဝင်သည်။ ထို့အပြင် တပ်မတော်နှင့်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများကိုလည်း ကန်ဘဏ္ဍာရေးဌာနက အရေးယူဒဏ်ခတ်လိုက်သည်။ ထိုအထဲတွင် နာမည်ကျော် 7 Senses ရုပ်ရှင်ထုတ်လုပ်ရေး နှင့် Media 7 တို့လည်းပါဝင်သည်။

ဖေဖော်ဝါရီ ၁၂

မော်လမြိုင်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ကျောင်းသားများသည် ရဲများ၏ပစ်ခတ်ဖြိုခွင်းခံရသောကြောင့် ဒဏ်ရာပြင်းစွာရကြကာ အချို့မှာ ဖမ်းဆီးခံခဲ့ရသည်။ ပြည်ထောင်စုနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုကာ တနိုင်ငံလုံးရှိ အကျဉ်းသားပေါင်း ၂၃၃၁၄ဦးကို လွှတ်ပေးခဲ့သည်၊ ထိုအထဲတွင် ရခိုင်အရေးနာမည်ကျော် စာရေးဆရာ ဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့ပါခဲ့သလို မျိုးချစ်အုပ်စုများလည်းပါလာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းမည့် ဆိုင်ဘာလုံခြုံရေး ဥပဒေကို အရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ကြသည်။

ကုလလူ့အခွင့်အရေးကောင်စီက မြန်မာ့အရေးအထူးအစည်းအဝေးပြုလုပ်ကာ နိုင်ငံအများစုက မြန်မာစစ်တပ်၏ အာဏာသိမ်းသည့်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချသည်။ အစည်းအဝေးတွင် ရုရှားနှင့် တရုတ်တို့ကမူ ထုံးစံအတိုင်း စစ်တပ်ဖက်ကရပ်တည်ကြကာ အာဆီယံနိုင်ငံအချို့က ကြားနေခဲ့ကြသည်။ မြန်မာပြည်၏ ကုလကိုယ်စားလှယ်ကမူ မြန်မာ့အရေးနှင့်ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်တွင် ဦးခေါင်းကို ကျည်သင့်ခဲ့သော အသက်၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် ကုသမှုခံယူနေရင်း ဦးနှောက်သေဆုံးသွားသဖြင့် ဆေးပညာအရ ကွယ်လွန်ပြီဟုသတ်မှတ်လိုက်သည်။ လက်ရှိတွင် သူမကို အသက်ရှူစက်တပ်ထားပေးသောကြောင့် နှလုံးခုန်နေဆဲဖြစ်သော်လည်း ထိုစက်ကိုဖြုတ်လိုက်လျှင် နှလုံးခုန်ရပ်ကာ ကွယ်လွန်မည်ဖြစ်သည်။ မိသားစုကမူ အသက်ရှူစက်ဖြုတ်မည့်အချိန်ကို မဆုံးဖြတ်ရသေးပေ။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတဆင့် သတင်းမီဒီယာများအား  အာဏာသိမ်းအစိုးရဟု ရေးသားဖော်ပြခြင်းမပြုရန် စာထုတ်သတိပေးလိုက်သည်။ ရုံးမတက် အာဏာဖီဆန်သည့်လှုပ်ရှားမှု (CDM) တွင်ပါဝင်သူများကို ညဘက်တွင် ရဲများက နေအိမ်များတွင်လိုက်ဖမ်းဆီးသည်။ အထူးသဖြင့် ရန်ကုန်နေပြည်သူများက အရပ်အတွင်း လူဖမ်းရန် လာသောရဲများကို သံပုံးတီးနှင်လွှတ်၍ မဖမ်းဆီးတော့ဘဲ ရဲများပြန်သွားသည်။ ည ၈ နာရီမထွက်ရ အမိန့်ထုတ်ထားသော်လည်း ရဲများ နှင့် မသင်္ကာသူများ အရပ်အတွင်းဝင်လာသောအခါ ပြည်သူများက သံပုံးတီးရင်း လမ်းပေါ်ထွက်ကြကာ ရဲများ မသင်္ကာသူများကို လူထုအားဖြင့် ဖိအားပေး နှင်ထုတ်ကြသည်။

ဖေဖော်ဝါရီ ၁၃

ဆန္ဒပြပွဲများ ဆက်လက်အရှိန်ရနေသည်။ ကယားပြည်နယ် ရဲတပ်ဖွဲ့မှ ရဲ ၇ ဦးပြည်သူနှင့် ထပ်မံပူးပေါင်းလာသည်။ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီက ရုံးမတက်သော အစိုးရဝန်ထမ်းများကို ရုံးပြန်တက်ရန်နှင့် မတက်ပါက အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်သော ဥပဒေရေးရာများဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်သည်။ ဆေးပညာအရ ကွယ်လွန်ပြီဟုသတ်မှတ်ထားသော မမြသွဲ့သွဲ့ခိုင်ကို မိသားစုဝင်များက ယနေ့ အသက်ရှူစက်ဖြုတ်ခွင့်ပြုမည်ဟုဆိုသည်။ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီက ၂၀၀၈ခြဥလုပ်ပိုင်ခွင့်အရ ဆိုကာ တည်ဆဲ ဥပဒေအချို့ကို ပြင်ဆင်မှုပြုသည်။ ထိုအထဲတွင် နိုင်လွတ်လုံဟု လူသိများသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ကို ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်ထိုးထုတ်ပြန်သည်။ ပြင်ဆင်လိုက်သော ဥပဒေများအရ ဧည့်စာရင်းတိုင်ခြင်း၊ လူတစ်ဦးကို ကြာရှည်စွာ ချုပ်နှောင်နိုင်ခြင်း၊ ပြည်သူများ၏ အိမ်ရာများအတွင်း လွတ်လပ်စွာ ဝင်ရောက်ရှာဖွေခွင့်၊ ဝရမ်းမဲ့ဖမ်းဆီးခွင့်၊ ဖုန်း စာ စသည်ကို ကြားဖြတ် နားထောင် ဖောက်ယူခွင့်များ ရှိလာသည်။

နိုင်ငံတဝန်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများစွာ ကို တာဝန်မှရပ်စဲကြောင်း ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများက ထုတ်ပြန်သည်။ ဆန္ဒပြခေါင်းဆောင်များကို ပစ်မှတ်ထား ဖမ်းဆီးမှုများ ဆက်လက်ဖြစ်နေသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးဂျင်မီ တို့အပါအဝင် အဆိုတော်လင်းလင်း၊ ဦးမျိုးရန်နောင်သိမ်း၊ ပန်ဆယ်လို၊ အင်းစိန်အောင်စိုး စသူတို့အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် လှုံ့ဆော်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ဝရမ်းထုတ်ထားကြောင်း စစ်တပ်က ကြေညာသည်။ ရန်ကုန်မြို့၏ ရပ်ကွက်အချို့တွင် ပြည်သူများ ကိုယ်ထူကိုယ်ထ လမ်းပိတ်ခြင်း ကင်းစောင့်ခြင်းမျိုးရှိလာသည်။ ရန်ကုန်ရှိ ရပ်ကွက်အချို့တွင် မသင်္ကာဖွယ်လူအချို့ကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြပြီး ထိုသူများမှာ စိတ်မူမှန်၊ ဆေးဝါးတစ်မျိုးမျိုးသုံးထားသည်ဟု ထင်ရကာ ရပ်ကွက်များအတွင်း မီးကွင်းပစ်ရန် ရေကိုအဆိပ်ခတ်ရန်ကြံစည်ကြသည်ဟု ပြည်သူများကယူဆကြသည်။ အလားတူဖြစ်ရပ်မျိုး ၈၈ အရေးခင်းက ကြုံခဲ့ရဖူးကာ စစ်အာဏာရှင်များ၏ လှည့်ကွက်များဖြစ်နိုင်ကြောင်း နှင့် ပြည်သူများထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်လည်း ဝင်ထိန်းသူများရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၄

အရှိန်ကောင်းဆဲ အာဏာသိမ်းမှု လှုပ်ရှားမှုများ မြန်မာပြည်အနှံ့ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်သည်။  ထားဝယ်မြို့တွင် သိန်းနှင့်ချီသော ဆန္ဒထုတ်ဖော်သူများနှင့်တူ ရဲတပ်ဖွဲ့မှ ရဲအချို့ပူးပေါင်းပါဝင်လာခဲ့သည်။ နေပြည်တော်၊ မကွေး လွိုင်ကော် နှင့် မြိတ် တို့တွင်လည်း ရဲတပ်ဖွဲ့ဝင်အချို့ ပြည်သူများနှင့်ပူးပေါင်းကာ အာဏာသိမ်းမှုကို ဆန့်ကျင်လာကြသည်။ ယမန်နေ့ညက ရန်ကုန်၏ ရပ်ကွက်အချို့အတွင်း ဖြစ်ပွားခဲ့သော မသင်္ကာဖွယ် လူများကို ပြည်သူများကဖမ်းဆီးရမိခြင်း နှင့်ပတ်သက်သော ကိစ္စရပ်များကို ၈၈ အရေးခင်းအတွင်း ကြုံရသော အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ဝေဖန် ဆွေးနွေးမှုများလည်း ကျယ်ပြန့်နေခဲ့သည်။ ၁၄ ရက်နေ့တွင် အင်တာနက်ပိတ်မည်ဟု သတင်းများထွက်ပေါ်နေခဲ့သော်လည်း ၁၄ ရက်နေ့မနက် ၁၁ နာရီအထိမူ မပိတ်သေးပေ။

CDM ရုံးမတက် အာဏာဖီဆန်မှုများတွင်ပါဝင်သော ဝန်ထမ်းများကို ဝင်ရောက်ဖမ်းဆီးခြင်း၊ ဖိအားပေးခြင်း၊ ရုံးဝတ်စုံမဝတ်စေဘဲ အလုပ်လာစေခြင်း၊ အိမ်ကအလုပ်လုပ်စေခြင်း စသည့်အမျိုးမျိုးသော ဆောင်ရွက်ချက်များကြောင့် CDM လှုပ်ရှားမှု အားလျော့သွားမည်ကို စိုးရိမ်သူများရှိလာသည်။ တစ်ဖက်တွင်လည်း ပြည်သူများက တတ်နိုင်သမျှငွေကြေးများကို စုပေါင်းထည့်ဝင်ကာ CDM တွင် ပူးပေါင်းကြသော ဝန်ထမ်းများကို ကူညီရန် ဆောင်ရွက်မှုများကလည်းရှိလာနေသည်။

Dawei Watch