နယ်စပ်သွပ်ဆူးကြိုးဖြတ်ဝင်သော မြန်မာတစ်ဦး အဖမ်းခံရ

0
154
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ် တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်မြို့ စင်ခွန်း နယ်စပ်ဂိတ်အနီးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က သွပ်ဆူးကြိုးများအားကျော် ဖြတ်ရန်ကြိုးစားနေသည့် မြန်မာနိုင်ငံသား တစ်ဦးအား ထိုင်းက ဖမ်းဆီးလိုက်သည်။

ထိုင်းတာဝန်ရှိသူတို့သည် မူးယစ် ဆေးဝါးသတင်းအရ နယ်စပ်တစ်လျှောက် စစ်ဆေးခဲ့ရာ မောတောင်မြို့နေ အသက် ၂၅ နှစ်ရှိအမျိုးသားတစ်ဦးအား ဘိန်းစာမှုန့် တစ်ကီလိုခွဲ နှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မြိတ်-ပရာကျွတ်မောင်နှမ မြို့တော်ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် က ပြောကြားသည်။

အဆိုပါအမျိုးသားသည် ဝယ်လက်ဖြစ်သည့် ထိုင်းလူမျိုးတစ်ဦးထံ ဘိန်းစာမှုန့် အနည်းငယ်စီကို အကြိမ်ကြိမ် အလီလီ ပို့ဆောင်ပေးနေသည်ကို ထွက်ဆိုခဲ့ကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။

ယင်းအမျိုးသားကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူရန် ပြင်ဆင်နေသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့က တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသည့် မြန်မာတစ်ဦးအား ထိုင်းမှ ဖမ်းဆီးခဲ့သေးသည်။ မြိတ်မြို့နေ အသက် ၁၈ နှစ် အရွယ် ယင်းအမျိုးသားကို လူဝင်မှုကြီးကြပ်ရေး ဥပဒေသာမက အရေးပေါ် အခြေအနေ ဥပဒေဖြင့်ပါ အရေးယူနိုင်ကြောင်း ဦးအောင်ကြည်မြင့် ကဆိုသည်။

ကိုဗစ်ကပ်ရောဂါကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာခြင်းနှင့် ကုန်သွယ်မှုတို့အား ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တလျှောက် ထိုင်းဘက်မှ သွပ်ဆူးကြိုးများ ကာရံခြင်း၊ CCTV များတပ်ဆင်ခြင်း၊ အချက်ပေးစံနစ်များ၊ ဆလိုက်မီးများနှင့် ကင်းတပ်ဖွဲ့များဖြင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားသည်။

မြင့်မိုရ်(မြိတ်)