မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပြန်ဖွင့်မည်

0
135
Dawei Watch, Dawei News, Dawei News Media

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်အား ဖေဖော်ဝါရီလ ၁ ရက် မှစပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

နယ်စပ်ဂိတ်မှ ကုန်ခြောက်များ ကုန်သွယ်ခွင့်ပြန်ပေးရန် ပရာကျွတ် ခီရီခန် ခရိုင်ဝန် ဦးဆောင်ပြီး ဌာနဆိုင်ရာ များပါဝင်သည့် ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်-ပရာကျွတ်ခီရီ ခန်မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောကြားသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ပိတ်ထားသော မောတောင် နယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်ပြန်ပေးရန် ထိုင်းနိုင်ငံဘက် မှ စီစဉ်နေကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောကြားသည်။

မောတောင်နယ်စပ်ဂိတ်တည်ရှိရာ ထိုင်နိုင်ငံဘက်ခြမ်း ပရာကျွပ်ခီရီခန်ခရိုင်တွင် ကိုဗစ်ပိုးရှိသူ မတွေ့ရှိခြင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းပြန်လည်ပတ်နိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်တို့၏ တောင်းဆိုမှုတို့ကြောင့် မြိတ်ပင်လယ် ထွက်ကုန် အပါအဝင် ကုန်ခြောက်များ ပြန်လည်ကုန်သွယ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်နိုင်တီးဂယက်ကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှ ကုန်သွယ်မှုတန်ဖိုး ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထိုးကျခဲ့ရကြောင်း ထိုင်းနိုင်ငံ ပရာကျွတ် ခီရီခန် ခရိုင် ကုန်သည်ကြီးများ အသင်း၏ ထုတ်ပြန်ချက် အရသိရသည်။

ကိုဗစ်မဖြစ်မီ နယ်စပ်ကုန်သွယ် ရေးတန်ဖိုးသည် ပျမ်းမျှ ဘတ်သန်း တစ်ရာဝန်းကျင်ရှိခဲ့ပြီး ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ် မတ်လအတွင်းမှစပြီး လူပုဂ္ဂိုလ်များ၊ ကုန်စည်များ ကူးသန်းသွားလာခွင့်အား ဆိုင်းငံ့ထားခဲ့သည်။

ယင်းနောက် ဇူလိုင်လ တစ်ရက် နေ့မှစပြီး ကုန်ခြောက်များ (ရေခဲစိမ် ကုန်စိုများမပါ) အားပြန်လည်ကုန်သွယ်ခွင့်ပေးခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။

ကိုဗစ်နိုင်တီးဖြစ်ပေါ်ပြီးနောက် တစ်လလျှင် ပျမ်းမျှကုန်သွယ်မှုတန်ဖိုး ဘတ်သန်း နှစ်ဆယ်မှ သုံးဆယ်အထိသာ ရှိခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမ မြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည် မြင့်က ပြောပြသည်။

နယ်စပ်ဂိတ်ပိတ်ခဲ့သည့်အတွက် မြိတ်ပင်လယ်ပြင်မှ ထွက်ရှိသည့် ကင်းမွန်၊ ခရု စသဖြင့် ရေထွက်ကုန်တချို့ ကုန်သွယ်ခွင့်မရသဖြင့် ဒေသတွင်း အရောင်းအဝယ်ဈေးနှုန်းများ ကျဆင်းခဲ့ရကြောင်း ကင်းမွန်လှေ လုပ်ကိုင်နေသူ အချို့ထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)