တိုင်းတွင်း မူးယစ်ဆေး ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ပိုဖမ်း

0
161
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းတွင် ၂၀၂၀ ပြည့် နှစ်အတွင်း မူးယစ်ဆေးဖမ်းဆီးရမိမှု တန်ဖိုးမှာ ယခင်နှစ်ထက် ငွေကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ပိုလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

၂၀၁၉ ခုနှစ်က ကျပ်သိန်းပေါင်း တစ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းဆီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ကျပ်သိန်းပေါင်း နှစ်သိန်းကျော်ဖိုး ဖမ်းမိခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့၏ စာရင်းအရ သိရသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပါက အနည်းအကျဉ်းမှအစ လုံးဝအလွတ်မပေး ဘဲ ဖမ်းဆီးနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့ မှူးက ဆိုသည်။

“ပင်ရင်းကို မဖမ်းဘူးလားဆိုတော့ ပင်ရင်းလည်း ဖမ်းတာပေါ့။ ရရင်ဖမ်း တာပေါ့” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းမှာ WY စိတ်ကြွ ဆေးပြားပါအဝင် မူးယစ်ဆေးထုတ်လုပ်သည့် ဒေသမဟုတ်သည့်အတွက် အလုံးအရင်းဖမ်းမိမှု နည်းပါးနေခြင်းဖြစ်ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးက ဆိုသည်။

တိုင်းအတွင်း အဓိကဝင်ပေါက်ဖြစ်သည့် မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးရှာဖွေရန် ဆေးရှာခွေးနှစ်ကောင်ကို တာဝန်ချထားသည်။

၂၀၂၀ ပြည့်နှစ်တွင် မူးယစ်ဆေးနှင့် ပတ်သက်သည့်အမှုပေါင်း ၁၁၀ဝ ကျော်မှ တရားခံ ၁၉၀ဝ နီးပါး ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့စာရင်းအရ သိရသည်။

ထူးခြားချက်အနေဖြင့် ၂၀၂၀ ပြည့် နှစ်တွင် ကတ်တမင်းဟုခေါ်သည့် ဈေးကြီးသည့် မူးယစ်ဆေးတစ်မျိုးကို အစုလိုက်အပြုံလိုက် ဖမ်းမိခြင်းကြောင့်လည်း ယခင်နှစ်ထက် ပမာဏပိုများလာခြင်းဖြစ်သည်။