မြေယာပြဿနာတိုင်ကြားစာ ခုနစ်လအတွင်း လေးစောင်သာ စစ်နိုင်

0
167
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းလွှတ်တော် မြေယာ အငြင်းပွားမှုစောင့်ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့ထံ ခုနစ်လအတွင်း တိုင်ကြားစာ အစောင် ခြောက်ဆယ် လက်ခံရရှိခဲ့သော်လည်း လေးစောင်ကိုသာ စစ်ဆေးနိုင်ခဲ့သဖြင့် ဆောင်ရွက်မှုအား နည်းခဲ့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်က ပြောကြားသည်။

ဇန်နဝါရီလ ၂၁ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် တင်သွင်းသည့် ယင်းကော် မတီအစီရင်ခံစာကို ဖတ်ကြားစဉ်ပြော ကြားခဲ့ခြင်းဖြစ်သည်။

တိုင်းလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့ စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှ လက်ရှိ အချိန်အထိ ခုနစ်လအတွင်း တိုင်ကြားစာ အစောင်ခြောက်ဆယ်ကို လက်ခံရရှိခဲ့ ခြင်းဖြစ်သည်။

ယင်းတို့အနက် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လွတ်လွတ်ပုစွန်ကန်အတွက် သိမ်းဆည်းမြေပြဿနာ၊ လောင်းလုံးမြို့နယ် ကျောက်တွင်းကျေးရွာ အုပ်စု ဝဲမကိုက်ကျေးရွာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလျှောက်ထားသည့် ပြဿနာ၊ ထားဝယ်မြို့ ဂေါက်ကွင်း သိမ်းဆည်းမြေပြဿနာ၊ သရက်ချောင်း မြို့နယ် ပဲဒက်ကျေးရွာ စာသင်ကျောင်း ပိုင်မြေ ပြဿနာတို့ကိုသာ စစ်ဆေးနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးနိုင်ခဲ့သည့် တိုင်ကြားစာ လေးစောင်ကို ကွင်းဆင်းစစ်ဆေး၊ ဌာန ဆိုင်ရာများကို ခေါ်ယူကြားနာ၊ အစီရင် ခံစာရေးပြီး လွှတ်တော်မှ တစ်ဆင့် တိုင်းအစိုးရထံတင်ပြခဲ့သော်လည်း တိုင်းအစိုးရမှ ပြီးမြောက်အောင်ဖြေရှင်း ပေးနိုင်ခြင်းမရှိခဲ့ကြောင်း ဦးတိုးလွင်က ဆိုသည်။

“အစီရင်ခံစာအပေါ် တိုင်းအစိုးရ အဖွဲ့အနေဖြင့် ပိုမိုအလေးအနက်ထား ဆောင်ရွက်လာစေရန် တိုင်းဒေသကြီး လွှတ်တော်က တိုက်တွန်းနှိုးဆော်ပေးရန် အကြံပြုအပ်ပါတယ်” ဟု ဦးတိုးလွင်က ဇန်နဝါရီလ ၂၁ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်တွင် ပြောဆိုခဲ့သည်။

မြေယာပြဿနာတိုင်ကြားစာများနှင့်စပ်လျဉ်းပြီး ဌာနဆိုင်ရာများမှရရှိသော အချက်အလက်နှင့် မြေပြင်တွင်ရရှိသည့် အချက်အလက်များမှာ ကွဲလွဲနေကြောင်း ဦးတိုးလွင်က ပြောသည်။ ယင်းကွဲလွဲ နေမှုအား အမှန်ပြန်ရအောင် တိုင်းအစိုးရ ဆောင်ရွက်ချက်မှာလည်း အားနည်းနေကြောင်း ဦးတိုးလွင်က ထောက်ပြခဲ့သည်။