မွန်တွင် ဆားတစ်ပိဿာ ကျပ် ၅၀ အထိ ဈေးကျ

0
404
မွန်တွင် ဆားတစ်ပိဿာ ကျပ် ၅၀ အထိ ဈေးကျ

မွန်ပြည်နယ်ထွက် ဆားကြမ်းများ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ပိဿာ ကျပ် ၅၀ အထိ ကျသွားသည်ဟုပြည်နယ် အတွင်းရှိ ဆားအရောင်းအဝယ်ပြုသူနှင့် ဆားတောင်သူတို့ထံမှ သိရသည်။

ဆားအသစ်စထွက်ချိန်တွင် ဆားကြမ်းဈေးကောင်းရလေ့ရှိသော်လည်း ယခုနှစ်တွင်ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဆားဈေး ထုတ်လုပ်မှုကုန်ကျစရိတ်အောက် အထိကျသွားသည်ဟု ဆားတောင်သူတို့က ပြောသည်။

လက်ရှိတွင် ဆားကြမ်းဈေး တစ် ပိဿာ ၅၀ ကျပ်သာရှိနေပြီး ယမန်နှစ်က ယခုကဲ့သို့ ဆားထုတ်ရာသီအစတွင် ဆားကြမ်းတစ်ပိဿာပေါက်ဈေး ကျပ် ၂၀ဝ ကျော်ရှိခဲ့သည်ဟု ရေးမြို့နယ်ရှိ ပငဆားတောင်သူတို့က ပြောသည်။

“အခုချိန်မှာ ဆားပေါက်ဈေးက (တစ်ပိဿာ) ၅၀ ကျပ် ပဲရှိတယ်။ ထုတ်လုပ်မှုစရိတ်အောက်ထက်ကို ကျသွားတယ်။ ဒီအချိန်က ဆားတွေလည်း ထွက်နေပြီး ဝယ်တဲ့လူလည်းမရှိဘူး ဆားကျန်တွေကလည်း အများကြီး။ ရတဲ့ဈေး၊ ပေးတဲ့ဈေးနဲ့ပဲ ထုတ်ရောင်းနေရတယ်” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောသည်။

ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဆားကြမ်းတစ်ပိဿာထွက်ရှိရန် ကုန်ကျစရိတ်သည် ကျပ် ၆၀ အထက် ရှိပြီး ဆားကြမ်းတစ်ပိဿာ ကျပ် ၉၀/ ၁၀ဝ ဈေး ရရှိမှသာ အဆင်ပြေကြမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဆားရာသီတွင် အရင်းအနှီး၊ အလုပ်သမား အခက်အခဲများ ရှိသော်လည်း အရှုံးခံ လုပ်ကိုင်သည့်အနေအထားဖြစ်ကြောင်း ဆားတောင်သူတို့က ပြောသည်။

“ဒီနှစ်ကတော့ အရှုံးခံပြီး လုပ်နေတယ်။ ဆားက ကိုဗစ်စဖြစ်ကတည်းက ဘယ်ကိုမှ ပို့လို့မရဖြစ်သွားတယ်။ လက်ရှိက အရောင်းအဝယ်လည်း သိပ်မရှိဘူး။ ဈေးလည်းမရှိဘူး” ဟု ဆားလုပ်ငန်းရှင် ကိုကျော်သူက ပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာ လလယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှန်းခြင်းကို စတင်လုပ်ကိုင်ကြသည်။ ဒီဇင်ဘာ၊ ဖေဖော်ဝါရီလတွင် ဆားကြမ်း စတင်ထုတ်လုပ်ကြသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ ကျိုက်ခမီ၊ စက်စဲ၊ ပေါင်နှင့် ရေးမြို့နယ်များတွင် နေလှန်းဆား တန်ချိန်သောင်း နှင့်ချီ ထုတ်လုပ်သည်။ မွန်ပြည်နယ် ထွက်ဆားကို အထက်မြန်မာပြည် အပါအဝင် တနင်္သာရီတိုင်းရှိ ရေထွက်လုပ်ငန်း များသို့လည်း တင်ပို့သည်။