မွန်အမျိုးသားနေ့ အကျဉ်းရုံး ကျင်းပမည်

0
361
မွန်အမျိုးသားနေ့ အကျဉ်းရုံး ကျင်းပမည်

လာမည့် ဖေဖော်ဝါရီလတွင်ကျင်းပမည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ကိုဗစ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အကျဉ်းရုံး ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။

တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ကျရောက်မည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို သထုံမြို့တွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ် ကပ်ဘေးကြောင့် မော်လမြိုင်မြို့တွင် ကျင်းပရန် ဆုံးဖြတ်ထားသည်။

၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်တို့၏ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ သမိုင်းအစဉ်အလာများ မပျောက်ပျက် မတိမ်ကောစေရေး ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန်အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်ရန်နှင့် တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တိုင်းရင်းသားလူမျိုးများ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်မည့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် တန်းတူရေး အပြည့်အဝရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မဖြစ်မနေတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဆိုသည့် ဦးတည်ချက်တို့ဖြင့် ကျင်းပသွားမည်ဟု ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က မွန်အမျိုးသားနေ့အခမ်းအနားကို မိမိဒေသအလိုက် ကျင်းပလာ ခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျကျင်းပလာခဲ့ရာ ၇၃ ကြိမ်မြောက် ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည်။

မွန်အမျိုးသားနေ့အခမ်းအနားကို မြို့နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသားနေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ရှိကြသည်။

သမလ၊ ဝိမလ မွန်မင်းညီနောင် နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်ကို မွန် အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။