မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး မကျင်းပဖြစ်တော့ဟုဆို

0
589
Dawei Watch, Dawei News, Dawei News Media

၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယ အပတ်တွင် ကျင်းပရန်လျာထားသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

အချိန်မရှိတော့သည့်အတွက် မူလ ကျင်းပရန် လျာထားသည့် လွှတ်တော်အစည်းအဝေး ဖျက်လိုက်သည်ဟု ၎င်းက ပြောကြားသည်။

“တတိယအကြိမ် လွှတ်တော် လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေရတာ အများကြီးရှိတယ်။ အချိန်လုနေရတယ်။ ဒီကြား လွှတ်တော်ခေါ်ဖို့လုပ်တယ်။ ဒါပေမဲ့ ပြန်သုံးသပ်ကြည့်တော့ အချိန်က မမီဘူး။ မမီမယ့်အတူတူ ဖျက်လိုက်တော့မယ်ဆိုပြီး စာထုတ်လိုက်တယ်” ဟု ဒေါ်တင်အိက ပြောသည်။

လွှတ်တော်အစည်းအဝေးကို လျာထားပြီး မကျင်းပဖြစ်သော်လည်း လွှတ်တော်လုပ်ငန်းများအပေါ် အကျိုးသက် ရောက်မှုမရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး သြဂုတ်လက ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ်အစည်းအဝေး တစ်ကြိမ်နှင့် အထူးအစည်းအဝေး နှစ်ကြိမ် ကျင်းပခဲ့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်သက်တမ်းတစ်လျှောက်တွင် ကြယ်ပွင့်ပြ မေးခွန်း ၅၉၃ ခု ကြယ်ပွင့်မပြမေးခွန်း ၁၅ ခု မေးမြန်းမှုရှိခဲ့ပြီး အဆို ၅၁ ခု တင်သွင်းခဲ့သည်ဟု လွှတ်တော်မှတ်တမ်းအရ သိရသည်။

ဥပဒေအနေနှင့် စည်သာယာရေး ဥပဒေ၊ စည်ပင်သာယာ အခွန်အခ ကောက်ဥပဒေ၊ လျှပ်စစ်ဥပဒေ၊ စာကြည့် တိုက်ဥပဒေ၊ ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နှစ်စဉ်တင်သွင်း ရသည့် ဘတ်ဂျက်ဥပဒေ၊ ဒေသန္တရ စီမံကိန်းဥပဒေတို့ကို အသစ်ရေးဆွဲခြင်း ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ပြည်နယ်လွှတ်တော် ဥပဒေ ပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ က ပြောသည်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပါဝင်ခဲ့ကြသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ဖြစ်သည်။