ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီကန့်ကွက်မှု မွန်တွင် ၂၃ ခု ရှိ

0
248
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က ကန့်ကွက်ထားမှု ၂၃ ခုရှိသည်ဟု ပါတီ၏ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။

ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း အကြောင်းပြပြီး ကော်မရှင်ကို ကန့်ကွက်ထားမှု ၁၈ ခုနှင့် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်ထားမှု ငါးခုရှိသည်ဟုလည်း ပါတီ တာဝန်ရှိ သူတို့က ပြောသည်။

“ကိုယ်စားလှယ်ကို ကန့်ကွက်တာ က ဥပမာ မော်လမြိုင်မှာဆိုရင် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ က NLD လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒနယ်မြေအတွင်းမှာ ဆောင်ရွက်ခဲ့တာကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အဲဒီအချက်ယူပြီးတော့ ကန့်ကွက်တာ” ဟု USDP ပါတီ၏ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကန့်ကွက်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာတဲ့နေ့မှစ၍ ၄၅ ရက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မွန်ပြည်နယ်တွင် ကန့်ကွက်လွှာတင် သွင်းသူမရှိခဲ့ကြောင်း မွန်ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

ကန့်ကွက်လွှာတင်သွင်းသူများအနေနှင့် ကန့်ကွက်လွှာနှင့်အတူ အမှုစရိတ်အတွက် ငွေကျပ် ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ပြီး ကန့်ကွက်လွှာ တစ်စောင်၌ ကန့်ကွက်သူတစ်ဦးထက် ပို၍ ပါရှိလျှင် ကန့်ကွက်သူ တစ်ဦးချင်းအလိုက် ငွေကျပ် ငါးသိန်းပေးသွင်း ရမည်ဖြစ်သည်။

အဆိုပါ တင်သွင်းထားသည့် အမှုစရိတ်အား မည်သည့်အကြောင်းကြောင့် မျှ ပြန်လည်ထုတ်ယူခွင့် မရှိပေ။

မွန်ပြည်နယ်တွင် နိုဝင်ဘာ ၈ ရက် နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ၌ နိုင်ငံ ရေးပါတီ ၁၆ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ် ၄၅ ဦး ရွေးကောက်တင်မြှောက်ခံထားရသည်။

ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် ၄၅ ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီ မှ ၃၄ ဦးနှင့် မွန်ညီညွတ်ရေးပါတီ (MUP) မှ ၁၁ ဦးတို့ ဖြစ်သည်။