“ကျူး” ချင်းပြိုင် မည်သူနိုင်

0
844
“ကျူး” ချင်းပြိုင် မည်သူနိုင်

ကုမ္ပဏီ လုပ်ခွင့်ရမြေဟု မသိထားသဖြင့် ဝင်ကျူးမိသည်ဟု ဒေသခံရွာ သားတို့က ဆိုသည်။ ကုမ္ပဏီကလည်း လုပ်ကိုင်ခွင့်ရ ဧရိယာ ကျော်လွန်စိုက် ထားမိသည်။ သို့သော် ယင်းမှာ သက်ဆိုင်ရာဌာန၏ အမှားအယွင်းကြောင့်ဟုဆိုသည်။ ၎င်းတို့ လုပ်ကိုင်ခွင့်ရ ဧရိယာတွင် ဝင်ရောက်နေထိုင်စိုက်ပျိုးသည်ဟုဆိုကာ ကုမ္ပဏီက ရွာသားများကို တရားစွဲသည်။ ကုမ္ပဏီက သူ့လုပ်ကိုင်ခွင့်ရ ဧရိယာကျော်စိုက် သော်လည်း ကုမ္ပဏီကို တရားစွဲမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မရှိခြင်းကြောင့် ရွာသားများက မေးခွန်းထုတ်သည်။

ဤတွင် ကျူးအချင်းချင်းပြိုင် မည်သူနိုင် ဇာတ်လမ်း ပေါ်လာသည်။
ယခု ဖော်ပြပါ စုံစမ်းထောက်လှမ်း ဆောင်းပါးတွင် ရွှေကမ္ဘောဇကို အမည်ပြောင်းထားသော Agro 24 ကုမ္ပဏီနှင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်နေ ဒေသခံရွာသူ ရွာသားတို့အကြား မြေယာအငြင်းပွားမှုများကို တင်ပြထား သည်။ ရွှေကမ္ဘောဇကို ထိုသို့ အမည်ပြောင်းလိုက်ခြင်းမှာ မြေယာအငြင်းပွားမှုကြောင့် ကမ္ဘောဇကုမ္ပဏီအုပ်စု၏ ပုံရိပ် ထိခိုက်မည်စိုးသောကြောင့် ဖြစ်ကြောင်းလည်း ကုမ္ပဏီတာဝန်ရှိသူက ဝန်ခံထားသည်။

ရွာသား ကျူး
ကျေးရွာရာအိမ်မှူးတစ်ဦးဖြစ်သည့် ဦးဂျွန်မောင်မောင်မှာ ယောက္ခမဖြစ်သူ၏ လက်ငုတ်လက်ရင်း ဥယျာဉ်ခြံတွင် ကွမ်းပင်စိုက်နေရင်း ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီကြီးတစ်ခု၏ တရားစွဲဆို ခြင်းခံလိုက်ရသည်။

ဦးဂျွန်မောင်မောင်ကို ၂၀၁၈ ခုနှစ်တွင် လက်နက်ကိုင်ခြိမ်းခြောက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာ တစ်လျှောက်ရှိ မြေဧရိယာဧကသောင်း ချီပေါ်တွင် ဆီအုန်းစိုက်ပျိုးခွင့်ရထားသည့် ရွှေကမ္ဘောဇကုမ္ပဏီက တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီနှင့် ဒေသခံများအကြား မြေယာအငြင်းပွားမှုကို ကြားဝင်ဖြေရှင်းပေးရာမှ အချေအတင်ဖြစ်ပြီး တရားစွဲခဲ့ရခြင်းဖြစ်သည်။

ဦးဂျွန်မောင်မောင်ကဲ့သို့ပင် အခြားဒေသခံသုံးဆယ်နီးပါးလည်း ရွှေကမ္ဘောဇ ကုမ္ပဏီ၏ တရားစွဲဆိုခြင်း ခံထားရသည်။

လုပ်ကိုင်ခွင့်ရကုမ္ပဏီဘက်မှ ၎င်းလုပ်ခွင့်ရဧရိယာအတွင်း ဒေသခံများ ကျူးကျော်လုပ်ကိုင်နေသည်ဟုဆိုကာ ၂၀၁၂ ခုနှစ်ခန့်မှစတင်ကာ တရားစွဲဆို မှုများ ဆက်တိုက်လုပ်လာသည်။

ထိုအချိန်မှစကာ ဒေသခံ ၂၇ ဦးကို ကုမ္ပဏီမြေနေရာအတွင်း ကျူးကျော် စိုက်ပျိုးမှု၊ နေအိမ်ကျူးကျော် ဆောက်လုပ်မှုများဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။ ရွှေကမ္ဘောဇကုမ္ပဏီက တားပလပ်ကျေးရွာ အပါအဝင် ရေဖြူ၊ ထုံခါ၊ တမုတ်ချုံး၊ ချောင်းလမု အစရှိသည့် ကျေးရွာများနှင့် အနီးတစ်ဝိုက်တွင် စုစုပေါင်းမြေဧရိယာ ၂၇၆၈၂ ဧကအား ဆီအုန်း စိုက်ပျိုးခွင့်ရထားခြင်းဖြစ်သည်။

ဦးဂျွန်မောင်မောင် အပါအဝင် ဒေသခံအများစုကမူ ကုမ္ပဏီလုပ်ခွင့်ရ ဧရိယာ အကျယ်အဝန်း မည်မျှရှိသည်ကို မသိကြဟု ဆိုသည်။

ထိုသို့ မရှိသိရှိခြင်းကြောင့် ဥယျာဉ် ခြံမြေများကို ၎င်းတို့ပိုင်သည်အထင်ဖြင့် ကွမ်းသီးပင် စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ဦးဂျွန်မောင်မောင်က ပြောသည်။

ဥယျာဉ်ခြံမြေများအပြင် ဦးဂျွန် မောင်မောင်နေထိုင်သည့် တားပလပ် ကျေးရွာ၊ ရေဖြူ၊ ထုံခါ စရှိသည့် ကျေး ရွာ ၃ ရွာလည်း စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည်။

“ဆီအုန်းဖြစ်ထွန်းမှုကို တိုင်းတဲ့ အချိန်မှ သူတို့မြေမှန်းသိတယ်ပေါ့။ အစက မသိဘူး ကိုယ့်မြေဆိုပြီး ကိုယ် လုပ်စားနေတာ” ဟု ဦးဂျွန်မောင်မောင် က ဆိုသည်။

တရားစွဲခံရပြီး ကုမ္ပဏီမှတာဝန်ရှိ သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့က တိုင်းတာရေးလုပ်သည့် အချိန်မှသာ သိရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အစိုးရက အကောင်အထည်ဖော် ရန် ရေးဆွဲထားသည့် ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း (MSDP -၂၀၁၈ ခုနှစ်မှ ၂၀၃၀ အထိ) တွင်မူ ပြည်သူများ သတင်းအချက်အလက်သိပိုင်ခွင့် ပိုမို တိုးတက်ကောင်းလာစေရေး ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

တရားရုံးတော်ရောက်ချိန်တွင်မူ တရားလိုကုမ္ပဏီ၏ ကိုယ်စားလှယ်က တရားရုံးချိန်း ပျက်ကွက်မှု များသည့်အတွက် တစ်နှစ်ခန့်အကြာတွင် ရုံးတော် ကအမှုကို ပယ်ဖျက်ပေးလိုက်သည်။

ရုံးတော်က အမှုပယ်ဖျက်ပေးခဲ့သည့် ဦးဂျွန်မောင်မောင်ကို ၂၀၁၉ ခုနှစ်တွင် အဆိုပါကုမ္ပဏီကပင် နောက်တစ် ကြိမ်တရားစွဲပြန်သည်။

၂၀၁၉ ခုနှစ်တွင် စွဲဆိုခဲ့သည့် ဒုတိယအကြိမ်တွင်မူ ဆီအုန်းလုပ်ခွင့်ရ ဧရိယာအတွင်း ကျူးကျော်စိုက်ပျိုးသည် ဟုဆိုကာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၆/၂၇ ဖြင့် စွဲဆိုခံရခြင်းဖြစ်သည်။

ရွှေကမ္ဘောဇကုမ္ပဏီက တနင်္သာရီမြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးရန် မြေဧက သုံးသောင်းနီးပါး လုပ်ကိုင်ခွင့် ရရှိထားသည်။

ကုမ္ပဏီအတွက် မြေယာလုပ်ကိုင်ခွင့်ကို ဗဟိုမြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့နှင့် သစ်တော ဦးစီးဌာနတို့မှ ခွင့်ပြုထားခြင်းဖြစ်သည်။

၂၀ဝ၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အထက်ပါဌာနအဖွဲ့အစည်းနှစ်ခုက ခွင့်ပြုမိန့် ၁၀ ကြိမ်ဖြင့် ခွင့်ပြုထားသည်။

အဆိုပါခွင်ပြုမိန့်များဖြင့် ရေဖြူ၊ ထုံခါ၊ တမုတ်ချုံး၊ တားပလပ်၊ ချောင်းလမု အစရှိသည့် ကျေးရွာများနှင့် အနီးတစ်ဝိုက်တွင် စုစုပေါင်းမြေဧရိယာ ၂၇၆၈၂ ဧကပေါ်တွင် ဆီအုန်းစိုက်ပျိုးခွင့်ရ ထားခြင်းဖြစ်သည်။ ယင်းဧရိယာတွင် သစ်တော ဧရိယာအတွင်း ငှားရမ်းစိုက်ပျိုးခွင့် သုံးကြိမ် (၁၇၆၇ ဧက) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် ၇ ကြိမ် (၂၅၉၁၅ ဧက) တို့ ပါဝင်သည်။

လုပ်ခွင့်ရကုမ္ပဏီ၏ တာဝန် ရှိသူကမူ ၎င်းတို့အကျိုးစီးပွားကို ဥပဒေလမ်းကြောင်းအရ ခုခံကာကွယ်ခြင်းသာ ဖြစ်သည်ဟုဆိုသည်။ ကုမ္ပဏီလုပ်ခွင့်ရဧရိယာအတွင်း ဒေသခံများမှ ကျူးကျော်နေထိုင်ပြီး ဥယျာဉ်စိုက်ပျိုးလာသည့်အတွက် တရားစွဲဆိုရခြင်းသာဖြစ်ကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက ဆိုသည်။

“တရားစွဲတဲ့နည်းတစ်ခု သည်သာလျှင် ကျွန်တော်တို့ကုမ္ပဏီရဲ့ ခုခံကာ ကွယ်ပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တစ်ရပ်ရှိ တယ်” ဟု ဦးတင်မောင်သန်းက ပြောသည်။

ကုမ္ပဏီ ကျူး
ယင်းကဲ့သို့ ဒေသခံများ တရားစွဲ ခံနေရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ကို စိစစ်လေ့လာရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကွင်းဆင်းစိစစ် ရေးအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်ပေးခဲ့ သည်။

အဆိုပါအဖွဲ့တွင် တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက နာယက အဖြစ်ဆောင်ရွက်ပြီး ခရိုင်အုပ်ချုပ် ရေးမှူး အပါအဝင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ဒေသခံများနှင့် ကုမ္ပဏီဘက်မှ မန်နေဂျာလည်း အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။

ကုမ္ပဏီ၏စိုက်ပျိုးခွင့်ရ ဧရိယာ ၂၇၆၈၂ ဧက အနက် စိုက်ပျိုးနိုင်ခြင်း မရှိသည့် မြေဧက ၁၉၀ဝ၁ ဧကအား အစိုးရထံ ၂၀၁၇ ခုနှစ်တွင် ပြန်လည် အပ်နှံထားသည်။

ကုမ္ပဏီမှ စိုက်ပျိုးပြီးဖြစ်သည်ဆိုသည့် မြေဧရိယာ ၈၆၉၂ ဧကအပေါ် တွင်သာ စိစစ်ရေးအဖွဲ့က မြေပြင်ကွင်းဆင်း တိုင်းတာခဲ့သည်။

မြေပြင်ကွင်းဆင်းတိုင်းတာရာတွင် ကုမ္ပဏီဘက်မှ စိုက်ပျိုးပြီးသည်ဟု တိုင်းအစိုးရထံ တင်ပြထားသည့် မြေ ဧရိယာအချို့တွင် ဆီအုန်းစိုက်ထားမှု မရှိသည်ကို တွေ့ရကြောင်း အစီရင် ခံစာက ဆိုသည်။

ကုမ္ပဏီဘက်မှ မြေ ၈၆၉၃ ဧက ပေါ်တွင် စိုက်ပျိုးပြီးဖြစ်သည်ဟု တင်ပြထားသော်လည်း မြေပြင်တွင် ၅၅၉၃ ဧကပေါ်တွင်သာ စိုက်ပျိုးထားသည်ကို တွေ့ရသည်ဟု ဆိုသည်။

အချို့နေရာများတွင်မူ ကုမ္ပဏီဘက်မှ လုပ်ခွင့်ရဧရိယာအပြင်ဘက်တွင် ကျူးကျော်စိုက်ပျိုးထားသည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ လုပ်ခွင့်ရဧရိယာပြင်ပတွင် ၁၁၁၅ ဧက ကျူးကျော်စိုက်ပျိုးထားသည် ဟု ဆိုသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ဥယျာဉ်ခြံလုပ်ကိုင်သည့် တောင်သူများသာ ကျူးကျော်သည်ဟုဆိုကာ တရားစွဲခံရပြီး လုပ်ခွင့်ရ ဧရိယာထက်ကျော်လွန်စိုက်ပျိုးနေသည့် ကုမ္ပဏီကိုမူ တရားစွဲဆိုခြင်း မရှိကြောင်း ဦးဂျွန် မောင်မောင်က ဆိုသည်။

“ကုမ္ပဏီက ဧက တစ်ထောင်ကျော် ကျော်နေတာကို အစိုးရက စွဲလေ၊ အစိုးရက မစွဲချင်ရင်လည်း ကျွန်တော် တို့ကို တစ်ခုခုလုပ်ပေးလေ” ဟု ၎င်းက ပြောသည်။

ကုမ္ပဏီတာဝန်ရှိသူကမူ လုပ်ခွင့်ရ ဧရိယာပြင်ပတွင် ကျော်လွန်စိုက်ပျိုး မိခြင်းမှာ သက်ဆိုင်ရာဌာန၏ အမှားအယွင်းကြောင့်သာ ဖြစ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အဆိုပါစီမံကိန်းအား စစ်အစိုးရလက်ထက် ၁၉၉၉ ခုနှစ်ခန့် က ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ တနင်္သာရီတိုင်းခရီးစဉ်တွင် ကြိုတင်ခွင့် ပြုချက်ရခဲ့ပြီးနောက် ၂၀ဝ၉ ခုနှစ် ရောက်မှသာ တရားဝင်စာရွက်စာတမ်းဖြင့် လုပ်ကိုင်ခွင့်ရခဲ့သည်။

သို့ရာတွင် မြေပြင်လုပ်ငန်း အကောင်အထည်ဖော်ရန် တည်နေရာ မြေပုံအညွှန်းများ မပါရှိခဲ့ဘဲ မြန်မာ့နှစ် ရှည်ပင်လုပ်ငန်း လုပ်ငန်းအထူးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စတင်အကောင်အထည် ဖော်ခဲ့ကြောင်း အထက်ပါ အစီရင်ခံစာအရ သိရသည်။

ယင်းကဲ့သို့ ကျော်လွန်စိုက်ပျိုးမိသည့်နေရာမှာ မြေလွတ်မြေလပ်နေရာဖြစ်သည့်အတွက် လုပ်ကိုင်ခွင့်ထပ်မံလျှောက်ထားပြီးဖြစ်ကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်း က ဆိုသည်။

ယင်းသို့လျှောက်ထားသည့်ကိစ္စကိုလည်း ကွင်းဆင်းစိစစ်ခြင်းတစ်စုံတစ် ရာမရှိသေးကြောင်း ၎င်းက ပြောသည်။

ပိုကြီးလာသော ဒေသခံနှင့် ကုမ္ပဏီ ပဋိပက္ခ
အခင်းဖြစ် နေရာရှိဒေသခံအချို့ကလည်း ၎င်းတို့စိုက်ပျိုးလုပ်ကိုင်နေသည့် ဥယျာဉ်ခြံမြေမှာ ကုမ္ပဏီလုပ်ခွင့်ရ ဧရိယာအတွင်း ကျရောက်နေသည်ကို မသိကြပေ။

ကုမ္ပဏီလုပ်ခွင့်ရဧရိယာအတွင်းရှိ ဒေသခံတောင်သူအချို့တွင် ၂၀၁၉ ခုနှစ်အထိ မြေခွန်ပြေစာ သို့မဟုတ် လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကိုင်ဆောင်ထားသူများလည်း ရှိနေသည်။

ယင်းပုံစံ(၇)ဖြင့် အစိုးရ၏ စိုက်ပျိုးရေးစရိတ်ချေးငွေပင် ထုတ်ချေးနေသူများလည်း ရှိသည်။ ကုမ္ပဏီလုပ်ခွင့်ရ ဧရိယာအတွင်း လူနေအိမ်နှင့် ဥယျာဉ် ခြံမြေများအပြင် ထုံခါးကျေးရွာ၏ သုဿန်လည်း ပါဝင်နေသည်။

လူသေအလောင်းမြှုပ်နှံမည့် သုသာန် မြေနေရာတွင် ဆီအုန်းပင်များ နေရာ အနှံ့စိုက်ပျိုးထားသည်။

ယင်းသုသာန်မှာ ကုမ္ပဏီလုပ်ပိုင် ခွင့်မရမီကပင် ရှိနေခြင်းဖြစ်ပြီး အဆိုပါ သုသာန်တွင် သဂြိုဟ် ခွင့်မရသည့်အတွက် ပြဿနာဖြစ်ခဲ့ဖူးကြောင်း ထုံခါးကျေး ရွာနေ ဦးမောင်မြင့်က ဆိုသည်။

ယင်းနောက် ယခင်အစိုးရလက်ထက်တွင် ကုမ္ပဏီဘက်မှ သုသာန်မြေလေး ဧကကို ပြန်လည်စွန့်လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။

“ဆီအုန်းပင်ကြားမှာပဲ အလောင်းကို မီးရှို့နေရတယ်” ဟု ဦးမောင်မြင့်က ဆိုသည်။

ဒေသခံများနှင့် မကြေလည်မှုရှိနေသည့် ဆီအုန်းစိုက်ပျိုးခွင့်ကို ရွှေကမ္ဘောဇအမည်ဖြင့် လုပ်ပိုင်ခွင့်ရ ခဲ့ခြင်းဖြစ်သည်။ ရွှေကမ္ဘောဇကုမ္ပဏီကို ကမ္ဘောဇကုမ္ပဏီနှင့် ရွှေသံလွင်ကုမ္ပဏီ တို့ ပူးပေါင်းတည်ထောင်ထားသည်။

ဆီအုန်းစိုက်ပျိုးရန် လုပ်ကိုင်ခွင့် ရသူများအဖြစ် ရွှေကမ္ဘောဇကုမ္ပဏီမှ ဒေါ်နန်းသန်းထွေးနှင့် ဦးဌေးအောင်ကျော်ဟု ဖော်ပြထားသည်။ ဒေါ်နန်းသန်းထွေးမှာ မြန်မာ့ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်နှင့် ကမ္ဘောဇကုမ္ပဏီ အုပ်စု၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ကိုဝင်း၏ ဇနီးအမည် ဖြစ်သည်။ ဦးဌေးအောင်ကျော်မှာ ရွှေကမ္ဘောဇ ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဟု ၂၀၁၁ ခုနှစ် စီမံကိန်း အချက်အလက်များတွင် ဖော်ပြထားသည်။

ထိုနောက်၂၀၁၈ ခုနှစ်ဝန်းကျင်တွင် AGRO 24 COMPANY LIMITED ကုမ္ပဏီသို့ လွှဲပြောင်းလုပ်ကိုင်စေခဲ့ကြောင်း ကွင်းဆင်းစိစစ်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ ကုမ္ပဏီအမည်ပြောင်းလဲ လုပ်ကိုင်ပြီးချိန်မှစတင်ကာ ကုမ္ပဏီနှင့် ဒေသခံများအကြား မြေယာအငြင်းပွားမှု ပဋိပက္ခ ပိုကြီးလာသည်ဟု အစီရင်ခံစာ အရ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် အငြင်းပွား ပြဿနာများကြောင့် ကမ္ဘောဇကုမ္ပဏီ အုပ်စု၏ ပုံရိပ်ထိခိုက်မည်စိုးသည့်အတွက် အမည်ပြောင်းလိုက်ခြင်းဖြစ် ကြောင်း အထွေထွေမန်နေဂျာ ဦးတင် မောင်သန်းက ဆိုသည်။

ယင်းသို့ အမည်ပြောင်းခြင်းကို MIC (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်) ၏ ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

AGRO 24 COMPANY LIMITED ကုမ္ပဏီ၏ ဒါရိုက်တာ အမည်စာရင်းတွင်မူ ဦးအောင်အောင် ဇော်၊ ဦးဘိုဘိုဇော်နှင့် ဦးရာဇာဖြိုးဝေထွန်း ဟု ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီမှ ဆီအုန်းစိုက်ပျိုးရေးနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှု၊ ပိုင်ဆိုင်မှု များကို ပြောင်းလဲ တာဝန်ယူလိုက်ကြောင်း ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်း က ဆိုသည်။

သို့သော် ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေတွင်မူ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလတ်နှင့် မြေရိုင်များကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချ ခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း မပြုရဟု တားမြစ်ထားသည်။

ကုမ္ပဏီအမည်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ တိုင်းအစိုးရထံ တစ်စုံ တစ်ရာတင်ပြအကြောင်း ကြားလာခြင်း မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောကြားသည်။

တရားဝင်အခြေချနေထိုင်ခွင့်ရရှိ ရေး ကုမ္ပဏီနှင့် အငြင်းပွားနေရသည့် ဒေသခံများအတွက် နောက်ထပ် စိန်ခေါ် မှုတစ်ခုကလည်း ရှိနေပြန်သည်။

အခင်းဖြစ်နေရာရှိ ဒေသခံများ၏ ဥယျာဉ်ခြံမြေများ သာမက လူနေထိုင်သည့် ကျေးရွာအချို့မှာ ကုမ္ပဏီလုပ်ခွင့်ရ ဧရိယာအတွင်း ကျရောက်နေပြီး အချို့ နေအိမ်များမှာ သစ်တောဧရိယာအတွင်း ကျရောက်နေခြင်းဖြစ်သည်။

သစ်တောဧရိယာအတွင်းကျရောက် နေသူအချို့ကိုလည်း သစ်တောဦးစီး ဌာနမှ တရားစွဲဆိုထားသေးသည်။

အစီရင်ခံစာတွင် ဖော်ပြချက်အရ အချို့သော ဥယျာဉ်ခြံမြေများနှင့် လူနေ အိမ်များမှာ ကုမ္ပဏီမှ ဆီအုန်းစီမံကိန်း မတိုးချဲ့တော့ဟု ယူဆသည့်အတွက် ကုမ္ပဏီလုပ်ခွင့်ရပြီးနောက်မှသာ တိုးချဲ့ လုပ်ကိုင်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။

အထက်ပါ အခင်းအကျင်းများအရ ကုမ္ပဏီမှ လုပ်ခွင့်ရဧရိယာအတွင်း အပြည့်စိုက်ပျိုးရန်နှင့် ခွင့်ပြုချက် ဧရိယာ ကျော်လွန်စိုက်ပျိုးထားမှုနှင့် ပတ်သက်၍ မြေပြင်အနေအထားအပေါ် တွင် အခြေခံ၍ စိုက်ပျိုးခွင့်ဧရိယာကို ပြန်လည်ပြင်ဆင်ခွင့်ပြု ပေးသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြု ထားသည်။

ယင်းအပြင် လုပ်ခွင့်ရဧရိယာအတွင်း ဆီအုန်းမစိုက်ပျိုးနိုင်သည့်မြေဧရိယာ သို့မဟုတ် စိုက်ပျိုးဖြစ်ထွန်းခြင်း မရှိသည့် မြေနေရာများကိုလည်း အစိုးရ က သေချာစွာစိစစ်သင့်ကြောင်း အစီရင်ခံထားသည်။

ကုမ္ပဏီက လုပ်ခွင့်ရဧရိယာအတွင်း ကျရောက်နေသည့် ဒေသခံများ၏ ဥယျာဉ် ခြံမြေများနှင့် ကျေးရွာမြေများကို ကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်ပေးခြင်း သို့မဟုတ် အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံများ ပါဝင်သည့် သုံးပွင့်ဆိုင် တွေ့ဆုံအဖြေရှာ ရန် လိုအပ်ကြောင်းလည်း အကြံပြုထားသည်။

ကုမ္ပဏီဘက်ကမူ ယင်းအစီရင် ခံစာကို လက်မခံနိုင်ကြောင်း ပြောဆို ထားသည်။
အဆိုပါ ကွင်းဆင်းစိစစ်ရေးအဖွဲ့တွင် ကုမ္ပဏီလုပ်ခွင့်ရဧရိယာအတွင်း ဝင်ရောက်ကျူးကျော်စိုက်ပျိုးသည့်အတွက် ကုမ္ပဏီမှ တရားစွဲဆိုခြင်းခံထား ရသူများ ပါဝင်နေခြင်းကြောင့် ယင်း အစီရင်ခံစာကို လက်မခံနိုင်ကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင် မောင်သန်းက ဆိုသည်။

“အဲလိုလူတွေကို ဒီအဖွဲ့ထဲမှာ ဖွဲ့ပြီးတော့မှ စစ်တဲ့အခါမှာ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာက ကျူးတွေနဲ့ဘက်လိုက်တဲ့ အစီရင်ခံစာမျိုး ဆိုတာ ယထာဘူ တကျကျ ကြည့်လို့ရပါတယ်” ဟု ဦးတင်မောင်သန်းက ပြောသည်။

ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ထားရသည့် အနေ အထားတွင် ယင်းကဲ့သို့ ပဋိပက္ခမျိုး မဖြစ်ပွားစေရန် လိုလားကြောင်း ၎င်းက ဆိုသည်။
ကုမ္ပဏီ၏စိုက်ပျိုးခွင့်ရ ဧရိယာ ၂၇၆၈၂ ဧကအနက် စိုက်ပျိုးနိုင်ခြင်း မရှိသည့် မြေဧက ၁၉၀ဝ၁ ဧကအား အစိုးရ ထံ ၂၀၁၇ ခုနှစ်တွင် ပြန်လည်အပ်နှံထား ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။

သို့သော် နောက်ဆုံး အခြေအနေ အရ ကွဲလွဲမှုများ ရှိပြန်သည်။
ရွှေကမ္ဘောဇ ကုမ္ပဏီကို (သစ်တော ငှားရမ်းမြေမပါဘဲ) မြေလွတ်မြေလပ် နှင့် မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့် ခွင့်ပြု ထားသည့် မြေဧရိယာ နှစ်သောင်းခွဲ ကျော်ရှိသည့်အနက် ဧက လေးထောင် ငါးရာနီးပါး(၄၄၇၈ ဧက) တွင်သာ စိုက်ပျိုးထားသည်ကို စိစစ်တွေ့ရှိရကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

ထိုကြောင့် ကုမ္ပဏီမှ အမှန်တစ်ကယ်စိုက်ပျိုးပြီးစီးသည့် ၄၄၇၈ ဧကကိုသာ လုပ်ခွင့်ပြုရေး ခွင့်ပြုမိန့်ပြင် ဆင်ထုတ်ပေးနိုင်ရန် ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုကော်မတီထံ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းက သဘောထားမှတ်ချက် ပေးပို့ထားကြောင်း ၎င်းက ပြောသည်။

ဆီအုန်းစိုက်ပျိုးပြီးစီးသည့်မြေအကျယ်အဝန်း ၄၄၇၈ ဧက၏ ဗဟိုကော်မတီမှ ခွင့်ပြုမိန့်ပြင်ဆင်ထုတ်ပေး ပြီးပါက နယ်နိမိတ်တိုင်းတာခြင်းနှင့် တည်နေရာမြေပုံကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးမြင့်မောင်က ဆိုသည်။

“အခုတော့ကျွန်တော်တို့တင်ထား ပြီးပြီဆိုတော့ ဗဟိုကော်မတီက ပြန်ပြီး ကျလာပြီဆိုရင်တော့ မြေတိုင်းတာ ရေးလုပ်ငန်းတွေ ပြန်လုပ်ရမှာပေါ့၊ တိုင်းတာရေးလုပ်ငန်းတွေလုပ်ပြီးပြီဆိုရင်တော့ ရှင်းရှင်းလင်းလင်းဖြစ်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။

တရားစွဲဆိုမှုကဲ့သို့ မလိုလားအပ် သည့်ပြဿနာများ မဖြစ်စေရေးအတွက် ဒေသခံတောင်သူများနှင့် ကုမ္ပဏီတို့ ညှိနှိုင်းဆောင်ရွက် သွားရန် ညွှန်ကြား ထားသည်။

ကုမ္ပဏီက အစိုးရကို ပြန်အပ်ထားသည့် မြေဧကနှစ်သောင်းနီးပါးကိစ္စနှင့် ပတ်သက်၍လည်း ရှင်းရှင်းလင်းလင်း မဖြစ်သေးပေ။

သို့ရာတွင် ယခင်ခွင့်ပြုထားသည့် စာချုပ်ကိုမူ ပြင်ဆင်ချုပ်ဆိုခြင်း မရှိသေး ကြောင်း ဦးတင်မောင်သန်းက ဆိုသည်။

ကုမ္ပဏီမှ ပြန်အပ်မည့်ဧရိယာနှင့် ပတ်သက်၍ မြို့နယ်အဆင့်မှ ကွင်းဆင်းကာ မြေပုံထုတ်ထားပြီး တိုင်းအစိုးရထံ တင်ပြထားပြီးဖြစ်သည်ဟု သိထားရကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရက တစ်စုံတစ်ရာ ကိုင်တွယ် ခြင်းမရှိသေးကြောင်း ဦးတင်မောင်သန်း က ဆိုသည်။

“အဲဒီဟာလေးကို သူတို့အခုထက် ထိမလုပ်နိုင်သေးဘူး။ မလုပ်တတ်တာလား မလုပ်လိုတာလားတော့ ကျွန်တော်လည်း မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လုပ်ကိုင်ခွင့်ရစာချုပ် အဟောင်းအတိုင်းသာရှိနေပြီး တရားဝင်အနေအထားအရ ခွင့်ပြုထားသည့် ဧကနှစ်သောင်းကို လုပ်ခွင့်ရနေသေးသည့် အနေအထား ဖြစ်နေဆဲပင်ဖြစ်ကြောင်း ဦးတင်မောင်သန်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကို ဖုန်းဆက်မေးမြန်း ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ကွင်းဆင်းစိစစ်ရေးအစီရင်ခံစာအရ ကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ရဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်သူဦးရေ ၂၀ဝ ကျော်ရှိနေသည်။

ကျူးအချင်းချင်းပြိုင်
ကုမ္ပဏီ လုပ်ခွင့်ရမြေဟု မသိထားသဖြင့် ဝင်ကျူးမိသည်ဟု ဒေသခံရွာသားတို့က ဆိုသည်။ ကုမ္ပဏီကလည်း လုပ်ကိုင်ခွင့်ရ ဧရိယာ ကျော်လွန်စိုက်ထားမိသည်။ သို့သော် ယင်းမှာ သက်ဆိုင်ရာ ဌာန၏ အမှားအယွင်းကြောင့်ဟု ဆိုသည်။

ယင်းတို့ လုပ်ကိုင်ခွင့်ရ ဧရိယာတွင် ဝင်ရောက်နေထိုင်စိုက်ပျိုးသည်ဟု ဆိုကာ ကုမ္ပဏီက ရွာသားများကို တရားစွဲသည်။ ကုမ္ပဏီက သူ့လုပ်ကိုင်ခွင့်ရ ဧရိယာ ကျော်စိုက်သော်လည်း ကုမ္ပဏီကို တရားစွဲမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မရှိခြင်းကြောင့် ရွာသားများက မေးခွန်းထုတ်သည်။

တိုင်းအစိုးရအစီအစဉ်ဖြင့် ကွင်းဆင်းစိစစ်ခဲ့သည့် အစီရင်ခံစာထွက်ပြီး ဖြစ်သော်လည်း ကုမ္ပဏီအပေါ် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာမရှိပေ။ သို့သော် ရွာသားတို့ကား ကုမ္ပဏီ၏တရားစွဲဆိုမှုကို ခံနေရမည့် အနေ အထားဖြစ်နေသည်။

“ကျွန်တော်တို့ဒေသခံတွေက ကိုယ့် မြေမှာကိုယ်လုပ်စားပြီး ထောင်ထဲရောက်မှ ထလုပ်မှာလား” ဟု ဦးဂျွန် မောင်မောင်က ဆိုလေသည်။