လေးတန်းကျောင်းသူအား အဓမ္မပြုရန်ကြံစည်မှုဖြင့် ၆၅ နှစ်အရွယ် အမျိုးသားကိုဖမ်း

0
856
Dawei Watch, Dawei News, Dawei News Media

လေးတန်းကျောင်းသူတစ်ဦးအား အဓမ္မပြုရန် ကြံစည်သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင်များနှင့် ပြည်ကြီးမဏ္ဍိုင်ရဲစခန်း ထံမှသိရသည်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ဘန်းဂလား ကျေးရွာအုပ်စု၊ ပျဉ်းမချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာပထမအပတ်က အမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

တစ်ရွာတည်းနေ အိမ်နီးချင်း ဦးအောင်မိုး ဆိုသူမှ အသက် ၁၁ နှစ်ရှိ မိန်းကလေးအား နင်းနှိပ်ပေးရန် ခေါ်ယူခဲ့ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားနေသည့် အချိန် ၎င်း၏အဖွားဖြစ်သူမှ မြေးပျောက်သည့်အတွက် လိုက်လံအော်ဟစ် ခေါ်နေသည့်အသံ ကြားသဖြင့် ငွေနှစ်ရာပေးကာ မည်သူ့ကိုမျှ မပြောရန်နှင့် ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ လွှတ်ပေးခဲ့ကြောင်း ကာယကံရှင်၏ အဖွား ဖြစ်သူက ပြောသည်။

“သူကဖြစ်ဖြစ်ချင်း ပြောမပြရဲဘူး၊ အဖေရိုက်မှာကြောက်လို့။ နောက်တစ် နေ့မှ ပြောတာ” ဟု အဖွားဖြစ်သူက ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် မိန်းကလေးငယ်၏ မိဘနှစ်ဦးမှာ ရွာနှင့်ဝေးသည့် တခြားတစ်နေရာတွင် သွားရောက် အလုပ်လုပ်နေကြပြီး အဖွားဖြစ်သူနှင့် အတူ နေသည်ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စအား သိရှိပြီးနောက် ဖခင်ဖြစ်သူမှ ပြည်ကြီးမဏ္ဍိုင်မြို့၊ နယ် မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သဖြင့် ယင်းရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁ (အဓမ္မပြုကျင့်ရန် ကြံစည်မှု) ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်ကာ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဘုတ်ပြင်းမြို့ ရဲစခန်းအား ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

ပျဉ်းမချောင်းရွာတွင် အရွယ်မရောက်သေးသည့် အမျိုးသမီးငယ် အများအပြားရှိပြီး ယင်းကိစ္စမျိုးအလားတူ နောက်ထပ်မပေါ်ပေါက်ရန် အမှုဖွင့်ခဲ့ရခြင်း ဖြစ်သည်ဟု အသက် ၃၂ နှစ်ရှိ ကာယကံရှင် ဖခင်က ပြောသည်။

ခိုင်ဇင်သော်