မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး ဇန်နဝါရီတတိယပတ်တွင် ကျင်းပမည်

0
249
Dawei Watch, Dawei News, Dawei News Media

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။

အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း အဆိုတင်သွင်းတို့အပြင် ပုဂ္ဂလိက မော်တော်ယာဉ်(ယထက) ဥပဒေကြမ်းနှင့် အသေးစားငွေချေးလုပ်ငန်းဥပဒေ ကြမ်းတို့ကိုလည်း ဆွေးနွေးတင်သွင်း သွားရန်ရှိသည်ဟု မွန်ပြည်နယ်လွှတ် တော်ထံမှ သိရသည်။

“ဇန်နဝါရီ တတိယအပတ် ၁၈ နဲ့ ၂၂ ရက်နေ့အကြားပေါ့ လျာထားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး သြဂုတ်လက ကျင်းပခဲ့သည့်အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ် အစည်းအဝေး တစ်ကြိမ်နှင့် အထူး အစည်းအဝေး နှစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

အဆိုပါအစည်းအဝေးများအတွင်း မေးခွန်းပေါင်း ၆၀ဝ နီးပါး မေးမြန်းမှုရှိ ခဲ့ပြီး ၎င်းအနက် ကတိဝင်ခဲ့သည့်မေးခွန်း ၄၀ဝ ကျော်ရှိခဲ့သည်ဟု လွှတ်တော်မှတ်တမ်းအရ သိရသည်။

ကတိဝင်ခဲ့သည့်မေးခွန်း ၄၀ဝ ကျော်အပေါ် ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီး ဌာနအလိုက် အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုသည် ၆၅ ရာခိုင်နှုန်းကျော်သာ ရှိသည်ဟုလည်း လွှတ်တော်မှတ်တမ်းတွင် ပါရှိသည်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်တွင် ပါဝင်ခဲ့ကြသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတွင် အမျိုးသားဒီမိုကရေးအဖွဲ့ ချုပ်ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ ဖြစ်သည်။