ပိုအရေးကြီးသော အခြေခံ အဆောက်အဦကိစ္စ

0
553
editorial

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်နည်းတူ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး အခြေခံ အဆောက်အဦများ တည်ဆောက်ရေး အရေးကြီးကြောင်းများစွာ အသိအမှတ်ပြု လက်ခံလေ့ရှိသည်။ ယင်းကြောင့်ပင် အစိုးရ အသုံးစရိတ်များတွင် ယင်းသို့သော အခြေခံ အဆောက်အဦတို့ကို မည်သို့မည်မျှ အလေးပေး သုံးစွဲထားကြောင်း မကြာခဏ ဖော်ပြလေ့ရှိကြသည်။

ယင်းသို့သော လမ်းတံတား ပညာရေး၊ ကျန်းမာရေး အခြေခံ အဆောက်အဦများ တိုးတက်ရေးမှာ များစွာအရေးကြီးသည်မှာ ပစ်မလွဲပင်ဖြစ်သည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ထိုမျှမက (ထိုထက်ပင်) အရေးကြီး နိုင်သော သဘာဝပေး အခြေခံ အဆောက်အဦများကို မေ့ထားရန်၊ မျက်ကွယ်ပြုရန် မဖြစ်နိုင်ပါ။

အခြေခံ အဆောက်အဦဆိုသည်မှာ လူသားတို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သော ဝန်ဆောင်မှုများ၊ ပံ့ပိုးမှုများ၊ စနစ်များ၊ ရေခံမြေခံများကို ဆိုလိုပါသည်။

ယင်းသို့ ဆိုလိုက်လျှင် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး စသော အခြေခံအဆောက်အဦများအပြင် လူသားတို့ ကျန်းမာစွာ ရှင်သန် အသက်မွေးနိုင်ရန် လိုအပ်သည့် ရေကောင်း၊ လေကောင်း၊ မြေကောင်း တို့ကိုလည်း မေ့ထား၍ မဖြစ်ပါ။

မြန်မာနိုင်ငံ ကဲ့သို့သော စိုက်ပျိုးရေး နိုင်ငံများသည် မြေ၊ ရေ၊ လေ စသည့် သဘာဝတရားကို အဓိက အမှီပြုလုပ်ကိုင်စားသောက်ရရာ သင့်တော် ကောင်း မွန်သော မြေ၊ ရေ၊ လေ မရှိဘဲ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ အသက်မွေးရန် မဖြစ်နိုင်လှပါ။ မြေ၊ ရေ၊ လေ သည်လည်း လူသားတို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သော ဝန်ဆောင်မှုများ၊ ပံ့ပိုးမှုများ၊ စနစ်များ၊ ရေခံမြေခံများတွင် အခရာကျစွာ ပါဝင်နေပါကြောင်း အလေးပေးပြောဆိုလိုပါသည်။

လမ်းတံတား ကဲ့သို့သော အခြေခံ အဆောက်အဦများမှာ ပြုလွယ်ပြင် လွယ်ဖျက်လွယ် ဆောက်လွယ်သော်လည်း မြေ၊ ရေ၊ လေ အခြေခံ အဆောက်အဦမှာ ပျက်ယွင်းသွားပါက ပြန်လည်ကုစား ပြုပြင်ရန် နှစ်ဆယ်ပေါင်းများစွာ အချိန်ယူရပါသည်။

ထိုကြောင့် အခြေခံအဆောက်အဦကိစ္စ စဉ်းစားဆုံးဖြတ်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူထုတို့ အနေနှင့် လူသားတို့ ရှင်သန်နေထိုင်ရန် မဖြစ်မနေ လိုအပ်လှသော သဘာဝအရင်းအမြစ်များဖြစ်သည့် ရေ၊ လေ၊ မြေ တို့ကိုလည်း အလေးပေး ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း မီးမောင်းထိုးပြလိုပါသည်။

အစိုးရ အနေနှင့်လည်း မြေ၊ ရေ၊ လေ အခြေခံ အဆောက်အဦ တည်ဆောက် ထိန်းသိမ်းရေး နိုင်ငံတော် ဘဏ္ဍာငွေတွင် မည်မျှသုံးစွဲ ရလဒ်ထွက်အောင် လုပ်ဆောင်ထားပါကြောင်း၊ ပြုလုပ်နေပါကြောင်း ဂုဏ်ယူဖွယ်ရာ ပြောဆိုနေသည်ကို မြင်တွေ့လိုလှပါသည်။

အယ်ဒီတာ (ဒီဇင်ဘာ ၁၁၊ ၂၀၂၀)